မိုဇမ်ဘစ်နိုင်ငံ

March 25, 2020

မိုဇမ်ဘစ်နိုင်ငံတွင် သင်္ဘောကုန်သေတ္တာထဲက လူသေအလောင်း ၆၄ လောင်း တွေ့ရှိ

မိုဇမ်ဘစ်နိုင်ငံ၊ တေတေမြို့က စစ်ဆေးရေးစခန်းတခုမှာ ပိတ်ထားတဲ့ သင်္ဘောကုန်သေတ္တာ တလုံးကို မတ် ၂၄ ရက်က စစ်ဆေးရာမှာ  ရွှေ့ပြောင်းနေထိုင်သူ အမျိုးသား ၆၄ ယောက်ရဲ့ အလောင်းတွေကို တွေ့ခဲ့တယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့  (IOM) က ပြောပါတယ်။ သေဆုံးသူတွေဟာ တောင်အာဖရိကကို သွားမယ့် အီသီယိုးပီးယား နိုင်ငံသားတွေ ဖြစ်တယ်လို့ ရှင်သန်ကျန်ရစ်သူတွေက ဒေသန္တရအာဏာပိုင်တွေကို ပြောပါတယ်။ ကားပေါ်ပါသူ ယောက်ျားအားလုံး ဘာမှတ်ပုံတင် သက်သေခံ အထောက်အထားမှ မပါကြပါဘူး။ ရှင်သန်ကျန်ရစ်သူတွေကို (IOM) က အကူအညီတွေ စီစဉ်ပေးနေပါတယ်။ ကုန်ကားမောင်းသူနဲ့ လက်ထောက်ယာဉ်မောင်းတို့က မိုဇမ်ဘစ်နိုင်ငံသားတွေ ဖြစ်ပြီး သူတို့ကို ဖမ်းထားပြီလို့ ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန ပြောခွင့်ရက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ “ဒီလူတွေကို သယ်ပို့ပေးရင် အမေရိကန်ဒေါ်လာ ငါးရာ ပေးမယ်လို့ ကတိပေးခံရတယ်” လို့ ယာဉ်မောင်းက ရဲကို ဖြောင့်ချက်ပေးပါတယ်။ အီသီယိုပီးယားနိုင်ငံသားတွေ မိုဇမ်ဘစ်နိုင်ငံထဲ တရားမဝင် ဝင်နိုင်ဖို့ စီစဉ်ပေးတဲ့ ကြားခံလူကို ရဲတွေက လိုက်ရှာနေပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူ ၄ သန်းကျော်နဲ့ ခိုလှုံခွင့် တောင်းခံသူတွေ ဒုက္ခသည် ၃ သိန်းနီးပါး ရှိတယ်လို့ ကုလသမဂ္ဂရဲ့ နောက်ဆုံးရ ကိန်းဂဏန်းတွေက ဖော်ပြထားပါတယ်။
2 years Ago

November 18, 2019

ဒေါ်လာ ၃၀၀ တန်ဆိုင်ကယ်အတွက် မိဘနှင့်ဦးလေး အရိုးစုများ တူးဖော်ခဲ့သူ ဖမ်းဆီးခံရ

ဆိုင်ကယ်တစီးနဲ့လဲလှယ်ဖို့ မိဘနှစ်ပါးနဲ့ဦးလေးရဲ့အုတ်ဂူကို တူးခဲ့တဲ့ မိုဇမ်ဘစ်နိုင်ငံက အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ နိုဝင်ဘာ ၁၆ ရက်နေ့ Iadbible သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်စဉ်ဟာ မြင်တွေ့နေကျ မှုခင်းတွေနဲ့မတူ ကွဲပြားခြားနားနေပြီး ဒီလိုမျိုး မိဘရဲ့အုတ်ဂူကိုတောင် ဆိုင်ကယ်နဲ့လဲဖို့ ကြိုးစားမှုနောက်ကွယ်မှာ ပိုမိုဆိုးရွားတဲ့ အကြောင်းအရာတွေ ရှိနေတယ်လို့လည်း သတင်းက ဆိုပါတယ်။ ဒီလိုပြစ်မှုကို ကျူးလွန်သူဟာ မိုဇမ်ဘစ်နိုင်ငံမြောက်ပိုင်း နမ်ပူလာပြည်နယ်ကဖြစ်ပြီး သူ့ကို ရဲတပ်ဖွဲ့က မသင်္ကာလို့ ဖမ်းမိချိန်မှာ သူဟာ ဆိုင်ကယ်တစီးနဲ့လဲလှယ်ဖို့ မိဘနှစ်ပါးနဲ့ ဦးလေးဖြစ်သူရဲ့ အုတ်ဂူတွေကို တူးဖော်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ တရားခံရဲ့ ဝန်ခံချက်အရ နမ်ပူလာပြည်နယ် လာလာအူမြို့မှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးက သူ့ကို အခုလိုမျိုး အလဲအလှယ်လုပ်ဖို့ စေခိုင်းခဲ့တာဖြစ်ပြီး ဒီလုပ်ငန်းရှင်းရဲ့ ပြောစကားအရ ရောဂါဖြစ်ပွားခြင်းမရှိဘဲ သေဆုံးသွားတဲ့ လူတွေရဲ့ အရိုးစုတွေကို သူ့အနေနဲ့ ရှာဖွေပေးနိုင်မယ်ဆိုရင် အပြန်အလှန်အနေနဲ့ ဒေါ်လာ ၃၀၀ တန် ဆိုင်ကယ်တစီးကို ပြန်ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီအမျိုးသားဟာ သူ့အဖေ၊ အမေနဲ့ ဦးလေးဖြစ်သူတို့ရဲ့ အုတ်ဂူ‌တွေကို တူးဖော်ပြီး အရိုးစုတွေကို ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။  ဒါပေမဲ့ ဒီအရိုးစုတွေကို တူးဖော်ယူဆောင်လာချိန်မှာတော့ အဲဒီလုပ်ငန်းရှင်ကို မတွေ့ရတော့ဘဲ နောက်ဆုံးမှာ အဖမ်းခံခဲ့ရတာလို့ သူက ထွက်ဆိုပါတယ်။ လူအရိုးစုတွေကို ဒေါ်လာ ၃၀၀ တန် ဆိုင်ကယ်တစီးနဲ့ လဲလှယ်ယူတယ်ဆိုတာ လုံလောက်တဲ့ အကြောင်းပြချက်တခု မဟုတ်ဘဲ ဒီလိုမျိုး ရောဂါမဖြစ်ပွားဘဲ သေဆုံးသွားခဲ့သူတွေရဲ့ အရိုးစုတွေကို ပစ်မှတ်ထား တူးဖော်ခိုင်းရခြင်းရဲ့ နောက်ကွယ်မှာ အောက်လမ်းနည်းနဲ့ စီမံမှုအတွက် အသုံးပြုဖို့ ရည်ရွယ်ချက်တခုခု ရှိနိုင်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up