မိုဇမ်ဘစ်

January 28, 2022

မာလာဝီနှင့်မိုဇမ်ဘစ်နိုင်ငံများသို့ အပူပိုင်း မုန်တိုင်း တိုက်ခတ်

မာလာဝီနိုင်ငံနဲ့ အိမ်နီးချင်း မိုဇမ်ဘစ်နိုင်ငံတွေကို အပူပိုင်းမုန်တိုင်း အန်နာက ဝင်ရောက် တိုက်ခတ်ခဲ့အပြီး ဇန်နဝါရီ ၂၆ ရက်က မာလာဝီနိုင်ငံတောင်ပိုင်း ချီကွာဝါမြို့က လမ်းပေါ်မှာ လူတွေ သောင်တင်နေပါတယ်။

ဇန်နဝါရီ ၂၄ ရက်ကတည်းက ချီကွာဝါမြို့နဲ့ ငါဘူမြို့တွေမှာ မုန်တိုင်းကြောင့် လူတွေ သောင်တင်နေတာလို့ ရုပ်သံရိုက်ကူးသူ ဂျရတ် အန်သာလာက ပြောပါတယ်။

အိမ်တွေ ရေစီးနဲ့ မျောပါသွားပြီး သစ်ပင်တွေကို ဖမ်းတွယ်ထားတဲ့ လူတွေက အကူအညီ အော်တောင်းနေခဲ့တယ်လို့ သူက ပြောပါတယ်။

မိုဇမ်ဘစ်နဲ့ မာလာဝီ ၂ နိုင်ငံထဲမှာ မုန်တိုင်း အန်နာကြောင့် သေဆုံးသူ ဦးရေ ၁၂ ဦးထက် မနည်းရှိနေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမယ့် အရာရှိတွေနဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေဟာ တောင်အာဖရိက တိုက်တလွှား တနင်္လာနေ့က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းရဲ့  သက်ရောက်မှုကို အပြည့်အဝ ချင့်ချိန်တွက်ချက်နေ ဆဲပါ။

မာလာဝီ နိုင်ငံထဲမှာတော့ မုန်တိုင်းကြောင့် ရေကြီးလို့ လျှပ်စစ်ဆိုင်ရာ ပံ့ပိုးမှု အင်္ဂါရပ်တွေ ပျက်စီးခဲ့တဲ့အတွက် အကြီးအကျယ် မီးပျက်နေတာပါ။

မိုဇမ်ဘစ်နိုင်ငံမှာတော့ ၂၄ နာရီအတွင်း လူ ၈၉၅ ယောက်ကို ဘေးကင်းရာ ရွှေ့ပေးခဲ့ရတယ်လို့ စီမံရေးနဲ့ ကပ်ဘေး လျော့ကျရေး အမျိုးသားအဖွဲ့က ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။

မိုဇမ်ဘစ်နဲ့ တခြား အာဖရိက တောင်ပိုင်း နိုင်ငံတွေဟာ ပြင်းထန်တဲ့ မုန်တိုင်းတွေနဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေရဲ့ ဒဏ်ကို လတ်တလော နှစ်တွေမှာ ထပ်ခါတလဲ ရိုက်ခတ် ခံနေရလို့ အခြေခံအဆောက်အအုံတွေ ပျက်စီးပြီး လူတွေ အများအပြား နေရာ ရွှေ့ပြောင်းခဲ့ရပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ရေတွေ ပူနွေးလာတဲ့အတွက် မုန်တိုင်းတွေက အားပို ကောင်းလာပြီး ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာလို့ မြေနိမ့် ကမ်းရိုးတန်းဒေသတွေမှာ ဒဏ်ပိုခံရတယ်လို့ ပညာရှင်တွေက ပြောထားပါတယ်။ 

10 months Ago

June 24, 2021

မိုဇမ်ဘစ်နိုင်ငံသို့ တောင်အာဖရိကနိုင်ငံများက တပ်များစေလွှတ်မည်

အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ချိတ်ဆက်ထားတဲ့ သူပုန်ထမှု နှိမ်နင်းရေးကူညီဖို့ မိုဇမ်ဘစ် နိုင်ငံဆီကို စစ်တပ်တွေ စေလွှတ်မယ်လို့ တောင်အာဖရိကနိုင်ငံတွေက ဇွန် ၂၃ ရက်မှာ အတည်ပြု ပြောဆိုပါတယ်။ 

အရင်က ငြိမ်းချမ်းတဲ့ဒေသဟာ ခုတော့ တည်ငြိမ်ရေးကို ခြိမ်းခြောက် ခံနေရတာပါ။ အဖွဲ့ဝင် ၁၆ နိုင်ငံရှိတဲ့ အာဖရိကတောင်ပိုင်း ဖွံ့ဖြိုးရေးလူ့အဖွဲ့အစည်းက ပဋိပက္ခကို ဘယ်လို တုံပြန်မယ်ဆိုတာ အခိုင်အမာ ချိတ်ဆက်ဆောက်ရွက် ပြီးပြီလို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

မိုဇမ်ဘစ်နိုင်ငံမြောက်ပိုင်း ကာဘို ဒယ်ဂါဒို ခရိုင်မှာ ၂၀၁၇ အောက်တိုဘာက စပြီး ပဋိပက္ခ ဖြစ်ခဲ့လို့ ဘက်အားလုံးက ထောင်နဲ့ချီတဲ့ လူတွေ သေဆုံး ခဲ့ပါတယ်။

လူ ၈သိန်းနီးပါး အိမ်တွေ စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀တန် သဘာဝဓာတ်ငွေ့ စီမံကိန်းလည်း ရပ်သွားခဲ့ပါတယ်။

1 year Ago
More News
Up