မိုင်းရယ်

July 12, 2020

တာချီလိတ်၊ မိုင်းရယ်နှင့် ပုသိမ်ကြီးမြို့တို့တွင် ကျပ်သိန်း ၁၂,၀၀၀ ကျော်ဖိုး မူးယစ်ဆေးများဖမ်းမိ

တာချီလိတ်၊ မိုင်းရယ်နဲ့ ပုသိမ်ကြီးမြို့တို့မှာ ငွေကျပ်သိန်းပေါင်း ၁၂,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဇူလိုင်လ ၉ ရက်နေ့ ညနေ  ၃ နာရီလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဝင်တွေဟာ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်(ခ)၊ နှင်းဆီလမ်းတွင် လီမာ(ခ)အားဒို မောင်းနှင်လာတဲ့ Vigo အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၄,၅၀၀ တန်ဖိုးရှိ  ဆာလာအိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း ဖမ်းဆီးမိခဲ့ပြီး လီမာ(ခ) အားဒိုနှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပါတယ်။ ဇူလိုင် ၁၀ ရက်နေ့ ညနေ ၆ နာရီကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ မိုင်းရယ်မြို့နယ်၊ မိုင်းရယ်-လားရှိုးသွားကားလမ်း၊ မိုင်တိုင်အမှတ် ၄ အနီးမှာ ကျင်ရှန်ရှုံး မောင်းနှင်လာတဲ့ MARK-II အမျိုးအစားမော်တော်ယာဉ်နဲ့ ဟွယ်ချန် မောင်းနှင်ပြီး အားချန် လိုက်ပါလာတဲ့ LANDCRUISER အမျိုးအစားမော်တော်ယာဉ်တို့အား စစ်ဆေးဖို့ ပြုလုပ်စဉ် ဟွယ်ချန်နဲ့ အားချန်တို့ ၂ ဦး တောထဲထွက်ပြေးသွားလို့ လိုက်လံဖမ်းဆီးရာ ဟွယ်ချန်ကိုသာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်အားရှာဖွေရာမှာ ကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ အိုက်စ် ၃၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဟွယ်ချန်၊ ကျင်ရှန်ရှုံးနဲ့  အားချန်(ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အလားတူ ပုသိမ်ကြီးမြို့နယ်မှာလည်း ငွေကျပ်သိန်း ၁,၆၅၇.၅ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့ ည ၁၀ နာရီလောက်ကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဝင်တွေဟာ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ၁၆ မိုင်စစ်ဆေးရေးဂိတ်မှာ လားရှိုး-ရန်ကုန်ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ခရီးသည် မောင်မျိုးဆီက စိတ်ကြွရူးသွပ်ဆေးပြား ၃၃,၁၅၀ ပြား  သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
1 year Ago
Up