မိုင်းယန်းမြို့

September 25, 2020

မိုင်းယန်းမြို့တွင် အန်အယ်လ်ဒီ မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခံရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်ဆိုင်းဘုတ်တွေ  စက်တင်ဘာလ ၂၃ ရက်ညက ဖျက်ဆီးခံခဲ့ရပါတယ်။  ပါတီဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာနဲ့ ပတ်သက်လို့  ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားထားတယ်လို့ အဆိုပါမဲဆန္ဒနယ်မြေရဲ့  လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ လက်ရှိစည်ပင်သာယာရေးဝန်ကြီး ဦးဆွန်ဆိုင်းစံခတ်က ပြောပါတယ်။ "ကျနော်တို့ကတော့ အမှုလည်းမဖွင့်ထားပါဘူး။ ဒါကကော်မရှင်က စိစစ်ရမယ့်ကိစ္စဖြစ်လို့ မြို့နယ်ကော်မရှင်ကိုတော့ အကြောင်းကြားထားပါတယ်''  မိုင်းယန်းမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီအောင်နိုင်ရေး ဆိုင်းဘုတ် ၆ ခုစိုက်ထူထားခဲ့ရာမှာ  ၃ ခု ဖျက်ဆီးခံရကာ ၁ ခုကိုတော့ ဖြိုလှဲခံထားရတာပါ။  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်က “ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်ထားခြင်းတော့မရှိပါဘူး။ ကော်မရှင်အဖွဲ့ဆီကိုတော့ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေက အသိပေး အကြောင်းကြားထားတယ်'' လို့ ပြောပါတယ်။  ၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတဲ့ ကာလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံထားရပါတယ်။   သတင်း- အောင်ဇေယျ
1 year Ago

May 10, 2020

အထူး​ဒေသ ၄ တွင် ၂၁ ရက် Quarantine ဝင်ပြီးသူ  ၂၄၁ ဦး မိုင်းယန်းမြို့သို့ ရောက်ရှိ

ရှမ်းပြည်နယ် အထူး​ဒေသ (၄) နယ်မြေ ဆီလူး​​ဒေသမှာ Facility Quarantine ၂၁ ရက်စောင့်ကြည့်ခံထားပြီးတဲ့ စိုက်ပျိုးရေးခြံအလုပ်သမား ၂၄၁ ဦးကို အထူး​ဒေသ ၄ တာဝန်ရှိသူတွေကို မိုင်းယန်းမြို့​ဒေသအာဏာပိုင်ဆီကို ဒီနေ့မနက် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ မိုင်းယန်းမြို့မရဲစခန်းမှူး ဒုရဲမှူး ကိုကိုဇော်က "တရုတ်နိုင်ငံထဲက စိုက်ပျိုးရေးခြံအသီးသီးမှာ လုပ်နေတဲ့သူတွေပါပဲ။ အချို့ကလည်း အထူးဒေသ(၄) နယ်မြေထဲ လုပ်နေတဲ့ အလုပ်သမားတွေလည်း ပါပါတယ်။ သူတို့က မိုင်းလားဘက်မှာ Facility Quarantine( ၂၁ ရက်ပြည့်အောင် စောင့်ကြည့်စစ်ဆေးပြီးမှ ဒီဘက်ကို ဆက်လက်စေလွှတ်ကြတာပါ။ နှစ်ဖက်ညှိနှိုင်းမှုတွေတော့ လုပ်ရတာပေါ့။” ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းရှိ တရုတ်ပိုင် ဖရဲခြံ၊ သခွားခြံတွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ ရှမ်းပြည်နယ် ၃၂ ဦး၊ ရခိုင်ပြည်နယ်မှ ၁၉၅ ဦး၊ မန္တလေးတိုင်းမှ ၁ ဦး၊ မကွေးတိုင်းမှ ၆ ဦး၊ ပဲခူးတိုင်းမှ ၄ ဦး၊ ရန်ကုန်တိုင်းမှ ၂ ဦး၊ ဧရာဝတီတိုင်း ၁ ဦး အပါအဝင် စုစုပေါင်း ၂၄၁ ဦးကို မိုင်းယန်းကနေ ကျိုင်းတုံကို ဆက်လက်ပို့ဆောင်သွားမယ်လို့ သိရပါတယ်။ အောင်ဇေယျ
1 year Ago
More News
Up