မိုင်းခွဲခံရ

November 13, 2021

မုံရွာမြို့ရှိ “ခရေ” အမျိုးသမီးအဆောင် မိုင်းခွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ တိုင်းရင်းဆေးရုံလမ်းမှာရှိတဲ့ “ခရေ” အမျိုးသမီးအဆောင်မှာ နိုဝင်ဘာ ၁၃ ရက် ဒီနေ့ မနက် ၉ နာရီအချိန်က ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုဖောက်ကွဲခံရတဲ့ ခရေအဆောင်ဟာ မုံရွာတက္ကသိုလ်ကျောင်းသူ အများစု ငှားရမ်းနေထိုင်တဲ့ အမျိုးသမီးအဆောင်ဖြစ်ပြီး  ဗိုလ်ချုပ်ဉာဏ်ထွန်းဆိုသူ  ပိုင်ဆိုင်တယ်လို့လည်း ဒေသခံတချို့က ဆိုကြပါတယ်။ 

“သူက စစ်ဗိုလ်ချုပ် တစ်ယောက်ဖြစ်သလို ကနီမြို့နယ်ကြံ့ခိုင်ရေးပါတီကနေ ၂ ကြိမ်ရွေးကောက်ပွဲ ဝင်ခဲ့တယ်။ ပြည်သူ့လွှတ်တော်ကနေ ။ သူ့ရဲ့သား၊သမီးတွေကလည်း Non-CDM တွေဆိုတော့ အခုလို ဖောက်ခွဲခံရတာ ဖြစ်နိုင်တယ်”လို့ ‌ပေါက်ကွဲမှုဖြစ်တဲ့နေရာအနီး နေထိုင်သူ ဒေသခံ တစ်ဦးက ထင်မြင်ချက်ပေးပါတယ်။

မုံရွာမြို့မှာတော့ “ခရေ” အမည်နဲ့ တိုင်းရင်းဆေးရုံလမ်းမှာ တစ်ဆောင်၊ ကျောက္ကာလမ်းနဲ့ စီပွားရေးတက္ကသိုလ် နားမှာ တစ်ဆောင် ရှိပါတယ်။

ဒီနေ့ဖောက်ခွဲမှုကို မုံရွာမြို့ပေါ် UG အဖွဲ တစ်ဖွဲ့ဖြစ်တဲ့ မုံရွာသံမဏိအဖွဲ့က လုပ်ဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။

2 weeks Ago

ချောင်းဆုံမြို့နယ် အန်အယ်လ်ဒီပါတီရုံး မိုင်းခွဲခံရပြီး ပြိုကျပျက်စီး၊ လူနေအိမ် ၅ လုံးခန့် ပျက်စီး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရုံးဟာ နိုဝင်ဘာ ၁၂ ရက် ည ၁၂ နာရီခွဲလောက်က  မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ချောင်းဆုံမြို့မရဲစခန်း မျက်စောင်းထိုးမှာရှိတဲ့ ချောင်းဆုံမြို့နယ် အန်အယ်လ်ဒီပါတီရုံးကို အမည်မသိလူတစ်စု လာရောက်မိုင်းထောင်ပြီး ဖောက်ခွဲ ဖျက်ဆီးသွားတာ ဖြစ်ပြီး  အဆောက်အအုံတစ်ခုလုံး ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီမိုင်းထောင်ဖောက်ခွဲမှုဟာ ပေါက်ကွဲမှု ပြင်းထန်တဲ့အတွက်ကြောင့် အနီးဝန်းကျင်က လူနေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ချောင်းဆုံဒေသခံ တစ်ဦးက ပြောပါတယ်။

အန်အယ်ယ်ဒီပါတီရုံး မိုင်းခွဲ ဖျက်ဆီးတာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မွန်ပြည်နယ်မှာတော့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ်တွေက မြို့နယ် အန်အယ်လ်ဒီ ပါတီရုံး ၅ ရုံး မိုင်းခွဲ ဖျက်ဆီးတာခံထားရပါတယ်။

2 weeks Ago

October 10, 2021

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မုံရွာကနေ ပခုက္ကူကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာတင်ဆောင်လာတဲ့ ၃ စီးတွဲယာဉ်တန်းဟာ အမှတ် ၂၅၈ တပ်နဲ့ ကံသစ်ကျေးရွာအနီးမှာ အောက်တိုဘာ ၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “၃ စီးတွဲလာတာ ၁ စီးတော့ထိတယ်။ အရမ်းမထိခိုက်လို့လား မသိဘူး။ ၃ စီးလုံး မောင်းပြေးသွားကြတယ်” လို့ ပြောပြပါတယ်။

စစ်ကား ၃ စီး မိုင်းခွဲခံရပြီး မောင်းပြေးစဉ် ပတ်ဝန်းကျင်က ကျေးရွာတွေကို ရမ်းသန်းပစ်ခတ်ခဲ့တာတွေကြောင့် အိမ်တွေမှာ ကျည်ဆန်တွေထိမှန်ခဲ့ပြီး ပြည်သူထိမှန်တာ မကြားရသေးဘူးလို့ ဆိုပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YSO-PDF) က ဆွဲမိုင်း ၃ လုံးနဲ့လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၁ လုံးသာ ပေါက်ကွဲတဲ့အတွက် စစ်ကား ၁ စီးသာ ပျက်စီးသွားခဲ့ကြောင်း၊ နောက်နောင်အခွင့်သင့်သလို အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ YSO-PDF တာဝန်ရှိသူက ပြောပါတယ်။

ရေစကြိုမြို့နယ်ဟာ ရပ်ကွက်ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးအားလုံးနီးပါး နုတ်ထွက်ထားတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။

2 months Ago
More News
Up