မိုင်းကျက်ဂူ

December 1, 2020

မိုင်းကျက်ဂူသွားခဲ့သူ ၁ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့သဖြင့် မိုင်းဖုန်းဆရာတော်မွေးနေ့ပွဲ ဖျက်သိမ်း

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်ရှိ၊ မိုင်းဖုန်းဆရာတော်ဘုရား တရားကျင့်ကြံရာ မိုင်းကျက်ဂူဘုရားမှာ လွန်ခဲ့တဲ့ ရက်ပိုင်းက ဘုရားဖူးပြည်သူတွေ သွားရောက်ကြည်ညို ဖူး မြော်ခဲ့ပါတယ်။  အဲဒီပြည်သူတွေထဲက တာချီလိတ်ကနေ လာရောက်ဖူးမြော်တဲ့ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး တွေ့ရှိထားတာကြောင့် နိုဝင်ဘာ ၂၆ မှ ၂၈ ရက်အတွင်း မိုင်းကျက်ဂူ သွားရောက်ခဲ့သူတွေအနေနဲ့ မိမိနဲ့အနီးဆုံး သက်ဆိုင်ရာဆေးရုံဆေးခန်းတွေမှာ သွားရောက် ဆက်သွယ်စစ်ဆေးဖို့ တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။  အခုလို ဂူနားလာရောက်ပြီး ပြန်သွားသူထံမှ ပိုးတွေ့တာကြောင့်ရော ပြည်တွင်းမှာ ကိုဗစ် ၁၉ ကူးစက်မှု တနေ့တခြားပိုများလာလို့ အများပြည်သူကျန်းမာရေးအတွက် နဂိုကကျင်းပဖို့ စီစဉ်ထား တဲ့ မိုင်းဖုန်းဆရာတော် မွေးနေ့ပွဲကို ကျင်းပတော့မှာမဟုတ်ဘူးလို့  မိုင်းကျက်ဂူမှာ မိုင်းဖုံး ဆရာတော်ကို အနီးကပ်စောင့်ရှောက်နေတဲ့ ဆရာတော် ဦးဉာဏသီရိက ဒီဗွီဘီကို မိန့်ပါတယ်။  “သက်ဆိုင်ရာက ကြေညာထားတဲ့ နိုဝင်ဘာ ၂၆ နဲ့ ၂၈ ကာလဟာ အခါကြီးရက်ကြီး တန်ဆောင်တိုင်ကာလဖြစ်သလို ဒီမိုင်းကျက်ဂူမှာလည်း တောင်ကြီးကနေ နှီးဘုရားကြီးတစ်ဆူ ပင့်ဆောင်လာချိန်၊ တာချီလိတ်က အလှူရှင်တွေလည်း ကြေးဆင်းထုတော် ၁၀ ဆူ လာလှူ တဲ့အချိန်နဲ့ကိုက်နေတာမို့ လူကတော့ ခါတိုင်းထက် တော်တော်များပါတယ်။ လေးငါးရာလော က်ရှိမယ်ထင်တယ်၊ တာချီလိတ်ကနေ ဘုရားပင့်ဆောင်လာတဲ့အဖွဲ့ကတော့ ၃၀ ကျော်ရှိမယ်။ သူတို့အားလုံး Mask (နှာခေါင်းစည်း)တွေ တပ်ထားကြတယ်။ ကြိုဆိုတဲ့သူတွေကတော့ မတပ်ကြ ဘူး။ ဘုန်းဘုန်းနဲ့တော့ ၃ လံလောက်အကွာမှာရှိတယ်။ ဘုန်းဘုန်းကျန်းမာရေးလည်း ကောင်းတယ်။ ဒီမှာက တောထဲ တောင်ထဲမို့ မြို့ထဲလို လူမသိပ်သည်းတော့ သိပ်မစိုးရိမ်ပါဘူး။ ဒါပေမဲ့ ပေါ့ဆလို့တော့ မရဘူးပေါ့နော်၊ ဒီကိုလာသွားတဲ့ လူတိုင်း ကိုယ့်ကျန်းမာရေးကိုဂရုစိုက်ရမယ်။ ဘုန်းဘုန်းတို့တောင် မိုင်းဖုံးဆရာတော်ဘုရားကြီးမွေးနေ့ပွဲကို အစက နောက်လ ၂၀၂၁ ဇန်နဝါရီလ ၅ ရက်နေ့ကျရင် ဒီဂူမှာပဲ ကျင်းပဖို့ စီစဉ်ထားတာ။ စေတီလည်း တည်ပြီးပြီ၊ ဘုရားဆင်းထု တော်လည်းပင့်ပြီးပြီ အဲဒါ ရေစက်ချပွဲပါ တစ်ခါတည်းလုပ်မလို့၊ ဒါပေမဲ့ ကိုဗစ်-၁၉ ကူးစက်မှုက တနေ့တခြား ပိုဆိုးလာတော့ ပွဲမလုပ်တော့ဘူး။ ဒီကရှိတဲ့ ဆရာတော်ရဲ့ သားတပည့်တွေနဲ့ပဲ အကျဉ်းချုံးလုပ်မယ်။ ဒါကြောင့် ရပ်ဝေးရပ်နီးက လာမယ့်သူတွေကို မေတ္တာရပ်ခံပါတယ်။ ပွဲမလုပ်ဖြစ်တော့ဘူး ဆိုတာ” ပြည်တွင်းပြည်ပက ဗုဒ္ဓဘာသာဝင်တွေ ကြည်ညိုလေးစားရတဲ့ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယဘဒ္ဒန္တဉာဏသံဝရ ခေါ် မိုင်းဖုန်းဆရာတော်ဘုရားဟာ ပြီးခဲ့တဲ့  ၂၀၁၉ ခုနှစ် ဧပြီလ နောက်ဆုံးပတ်ကစပြီး ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်ရှိ မိုင်းကျက်ဂူမှာ  ၃ နှစ် ၃ လ ၃ ရက် ဂူတွင်းတရားကျင့်ကြံအားထုတ်နေတာပါ။ တာချီလိတ်မြို့နယ်မှာတော့ နိုဝင်ဘာ ၂၉ ရက်က ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရသူ ၄  ဦး၊ နိုဝင်ဘာ ၃၀ ရက်နေ့က ၁၀ ဦး ထပ်တွေ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။  ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာလည်း တာချီလိတ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ နောက်ထပ် ၆ ဦးတွေ့ပြီး လောလောဆယ် အာဏာပိုင်တွေက ရပ်ကွက် ၆ ထဲက အိမ်တွေရော၊ ပို့တွေ့သူရှိတဲ့ဟိုတယ်နဲ့ မိုင်းဖုန်း၊ မုံးကိုး၊ ဖန်မင်အုပ်စုထဲက ကျေးရွာပေါင်း ၁၀၀ ကျော်ကို အသွားအလာပိတ်ပင်ကန့်သတ်ထားတယ်လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
4 months Ago
Up