မိုင်ယာမီ

May 31, 2021

မိုင်ယာမီမြို့ထဲက ဘိလိယက်ကလပ် အပြင်တွင် ပစ်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံး

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် မြောက်ပိုင်း မိုင်ယာမီမြို့ထဲက ဘိလိယက် ကလပ်တခုရဲ့ အပြင်မှာ ပစ်ခတ်မှုကြောင့် လူ ၂ယောက် သေဆုံးပြီး တခြားလူ အယောက် ၂၀ကျော် ဒဏ်ရာရတယ်လို့ ရဲတွေက မေလ ၃၀မှာ ပြောပါတယ်။

အဖြူရောင် နစ်ဆန်း ပတ်ဖိုင်ဒါ ကားအမျိုးအစားဟာ အခင်းဖြစ်ရာကို ရောက်လာပြီး လူ ၃ ယောက်က တိုက်ခိုက်ရေး လက်နက်တွေ သေနတ်တိုတွေ ကိုင်စွဲပြီး ဂီတဖျော်ဖြေပွဲကို လာတဲ့ လူအုပ်ကို စတင်ပစ်ခတ်ခဲ့တယ်လို့ CNN သတင်းဌာနက ထုတ်လွှင့်ပါတယ်။

မနက်အစောပိုင်းက ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အနည်းဆုံး တယောက်ဟာ အသည်းအသန် အခြေအနေမှာ ရှိနေပြီး ဒီအမှုအတွက် ရဲတွေက ဘယ်သူ့ကိုမှ ထိန်းသိမ်းထားတာ မရှိသေးပါဘူး။

အမေရိကန်နိုင်ငံမှာ ဒီနှစ်ရဲ့ ပထမ ၄ လလောက်အတွင်း လူတွေကို အစုလိုက် အပြုံလိုက် ပစ်ခတ်မှု အကြိမ် ၂၀၀ ထက်မနည်း ဖြစ်ခဲ့တယ်လို့ အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းဖြစ်တဲ့ သေနတ်အသုံးပြု အကြမ်းဖက်မှု မော်ကွန်းတိုက်ရဲ့ အစီရင်ခံစာက အရသိရပါတယ်။ 

8 months Ago
Up