မိုင်တဲလ်တိုင်

October 3, 2021

နတ်မောက် မိုင်တဲလ်တိုင်များအနီး စစ်တပ်ကမိုင်းထောင်၊ နှမ်းခါးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်

မကွေးတိုင်း နတ်မောက်မြို့နယ် မိုင်တဲလ်တာဝါတိုင်တွေနားမှာ အောက်တိုဘာ ၂ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းထောင်နေပြီး ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါးကျေးရွာကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နတ်မောက်မြို့နယ် ဒေသခံတစ်ဦးက “PDF တွေက မိုင်တဲလ်တာဝါတိုင်တွေကို ဖောက်ခွဲနေတော့ စစ်ကောင်စီအဖွဲ့က တာဝါတိုင်တွေပတ်လည်မှာ မိုင်းတွေထောင်ထားတယ်။ ဖြစ်နိုင်ရင်တော့ မိုင်တဲလ်တာဝါတိုင်တွေနားကို ဆိတ်ကျောင်း၊ နွားကျောင်းသွားတဲ့လူတွေ မသွားကြဖို့ အုပ်ကြီးကလည်း  ပြောနေတယ်” လို့ ပြောပါတယ်။

စက်တင်ဘာလက နတ်မောက်မြို့နယ်မှာ မိုင်တဲလ်တာဝါတိုင် ၂ ခု ‌ဗုံးခွဲ ဖျက်ဆီးခံခဲ့ရ တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းကလည်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာထဲကို အကြမ်းဖက် စစ်ကောင်စီတပ်တွေက  လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လူမရှိတဲ့ ဒီရွာထဲကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ။ တရွာလုံးက ရွာသားတွေလည်း ဘေးက တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေရတာ လချီနေပြီ။ သူတို့ပစ်တဲ့ လက်နက်ကြီး ကျည်တွေ စစ်ရှောင်စခန်းတွေနားအထိ ရောက်လာတော့ ထပ်ပြေးကြရတာပေါ့”လို့ သူက ဆိုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နှမ်းခါးကျေးရွာကို မီး ၃ ကြိမ် ရှို့ခဲ့တာကြောင့် လူနေအိမ်အလုံး ၆၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

2 weeks Ago
Up