မိုင်းယောင်း

March 28, 2017

မိုင်းယောင်းရွာသား ၂ ဦးကို နယ်ခြားစောင့်တပ် ဖမ်းဆီး

  ရှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဝမ်တပ်ကျေးရွာအုပ်စုထဲမှာ နယ်ခြားစောင့်တပ်က ရွာသား ၂ ဦးကို ဖမ်းဆီးပြီးတဲ့နောက်  သိန်း ၂၀ ကျော်တန်ဖိုးရှိ ငွေနဲ့ လက်ဝတ်လက်စားတွေပါ ပျောက်ဆုံးသွားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မတ် ၂၇ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ အမှတ်-၁၀၀၈  နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ဝမ်တပ်အုပ်စု၊ ဝမ်ထင်ကျေးရွာနေ လုံးနန်အွန် (၅၄ နှစ်) နဲ့ ဟိုယန်ရွာနေ စိုင်းနွဲ့ဆန်ရှဲန် (၄၈ နှစ်)တို့ကို  အာရ်စီအက်စ်အက်စ် ရှမ်းပြည်တပ်မတော်  အဖွဲ့အတွက် ဆက်ကြေးကောက်ပေးတဲ့သူတွေလို့ စွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင်အဖွဲ့ပြောခွင့်ရ စိုင်းဟော်ရှဲန်ပြောပါတယ်။ “နယ်ခြားစောင့်တပ်က မတ်လ ၁၂ ရက်နေ့ည ၈ နာရီလောက်က လုံးနန်အွန်ကို သူ့အိမ်မှာ သွားရှာတယ်။ သူက အိမ်မှာမရှိတော့ တံခါးကိုဖျက်ပြီး တအိမ်လုံး မွှေနှောက်ရှာဖွေသွားတယ်။ မတ်လ ၁၃ ရက် မနက်မှာ လုံးနန်အွန်ကို ဝမ်ပန်ရွာဘုန်းကြီးကျောင်းမှာ သွားတွေ့ပြီး အစိုးရတပ် ၃၃၅ ကို ခေါ်သွားတယ်၊ အဲဒီမှာ ၃ ည ဖမ်းထားပြီးနောက် မတ်လ ၁၆ ရက်  ဟိုယန်ရွာ စိုင်းနွဲ့ဆန်ရှဲန်ကို သွားဖမ်းတော့ အတူလိုက်သွားရတယ်။ သူတို့ကို ရှမ်းတပ်အကြောင်း စစ်မေးပြီး ဆက်သွယ်တဲ့ အထောက်အထားတွေ ရှာတယ်၊ အထောက်အထားမတွေ့တဲ့အပြင် ရပ်မိရပ်ဖဆွေမျိုးတွေက သွားပြီး အာမခံပေးလို့ ၁၈ ရက်နေ့မှာ ၂ ယောက်လုံး ပြန်လွတ်လာပါပြီ။ ဒါပေမယ့် လုံးနန်အွန် အိမ်ပြန် ရောက်တော့ တအိမ်လုံးပွနေပြီး  ပိုက်ဆံနဲ့  ရွှေဆွဲကြိုး ၂ ကုံး ၊ ငွေခါးပတ်ပါပျောက်သွားတယ်လို့ ပြောတယ်။ စုစုပေါင်း ကျပ်သိန်း ၂၀ တန်ဖိုးရှိတယ်တဲ့။ သူက အဲဒီပစ္စည်းတွေ ပြန်လိုချင်တယ်ပေါ့။ ” အာရ်စီအက်စ်အက်စ်ဟာ အစိုးရနဲ့ ပြည်ထောင်စုအဆင့်မှာရော တနိုင်ငံလုံးအဆင့် အပစ်ခတ်ရပ်စာချုပ် အန်စီအေပါ လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး မတရားအသင်းအဖြစ်က ဖျက်သိမ်းပေးခဲ့ပြီး  ဖြစ်တာကြောင့် ရွာသားတွေကို ဒီအဖွဲ့နဲ့ ဆက်သွယ်လို့ ဖမ်းဆီးတာဟာ လုံးဝမဖြစ်သင့်ဘူးလို့ သူက ဆက်ပြောပါတယ်။ နယ်ခြားစောင့်တပ်က ရွာသားတွေကို အကြောင်းပြချက်မခိုင်လုံဘဲ ဖမ်းချင်တဲ့သူတွေ ဖမ်းဆီးနေတာကြောင့် ဒေသခံပြည်သူတွေ အကြောက်တရားနဲ့ နေနေရပြီး လုံခြုံမှုကင်းမဲ့နေတယ်လို့ စိုင်းဟော်ရှဲန်က ပြောပါတယ်။  
5 years Ago
Up