မိုင်းဆတ်တွင် ဖမ်းမိသည့် ထိုင်းနိုင်ငံသား ၈၀ ကျော်ထဲ မူးယစ်ဝရမ်းပြေး ၉ ဦး ပါဝင်

February 11, 2019

မိုင်းဆတ်တွင် ဖမ်းမိသည့် ထိုင်းနိုင်ငံသား ၈၀ ကျော်ထဲ မူးယစ်ဝရမ်းပြေး ၉ ဦး ပါဝင်

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်မှာ ဒီလဆန်းပိုင်းက တရားမ၀င် ၀င်ရောက်လာတဲ့ ထိုင်းနိုင်ငံသား ၈၁ ဦးကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပြီး အဲဒီထဲမှာ ၉ ဦးက မူး ယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ၀ရမ်းပြေးတွေဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၀ ရက် pptvhd 36 ထိုင်း တီဗွီသတင်းမှာ ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့က ဖမ်းဆီးရမိတဲ့ ထိုင်းနိုင်ငံသားတွေကို မြန်မာအာဏာပိုင်ဘက်က ထိုင်းဘက်ကို တရားဝင်လွှဲပြောင်းပေးခဲ့ပြီးတဲ့နောက် တဦးချင်းကို စစ်ဆေးနေရာမှာ မူးယစ်ရာဇာ “ထိပ်ဆိုလို” ခေါ် နိုင်းပန်န၀ိချန်း ပရထုမ်းကိုတော့ မတွေ့သေးဘဲ သူ့ရဲ့ မန်းထုတ်မိတ် မူးယစ်ဂိုဏ်းအဖွဲ့ဝင် ၇ ဦးနဲ့ အခြားဝရမ်းပြေး ၂ ဦး (မူးယစ်မှု ၁ ဦး နဲ့ ငွေကြေး လိမ်လည်မှု) တို့ကို တွေ့ရှိတယ်လို့ အမှတ် ၂ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ မန်းထုတ်မိတ် မူးယစ်ဂိုဏ်းအဖွဲ့ဝင်အဖြစ် စွပ်စွဲခံထားရသူ  ၇ ဦးကတော့ မူးယစ်ရာဇာ ထိပ်ဆိုလို နဲ့ ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပြီး မနှစ် ၂၀၁၈ နှစ်ကုန်ပိုင်းက မြန်မာဘက်ခြမ်းကို နယ်စပ်ဖြတ်ကျော် လက်မှတ်နဲ့ ၀င်ရောက်လာကာ ထိုင်းဘက်က အလိုရှိသူ အဖြစ် ထုတ်ပြန်ထားတာ သိရတဲ့အတွက် မပြန်ရဲတော့ဘဲ မိုင်းဆတ်မြို့နယ်ထဲမှာ ခိုလှုံနေတာလို့ ဆိုပါတယ်။ သူတို့တွေဟာ အခြားသူရဲ့ အမည်ခံဘဏ်စာရင်း ဖွင့်လှစ်ပေးထားတာ တွေ့ရှိရပြီး တချို့မှာ အမည်မသိသူထံမှ လစဉ်ဘတ်ငွေ ၁ သောင်းရရှိကြောင်း၊ အဆိုပါငွေတွေကိုလည်း တည်းခိုခန်းရှိ ကောင်တာကနေ အလွယ်တကူထုတ်ယူနိုင်ကြောင်း၊  ဒါကြောင့် အဆိုပါ ၇ ဦးကို ငွေကြေးခ၀ါချမှု၊ မူးယစ်ဆေးရောင်းဝယ်မှုကို အားပေးကူညီမှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ မြန်မာဘက်က ဖမ်းမိသူ ၈၁ ဦးအနက် ၉ ဦးကို ထိုင်းမန်းဂရိုင်းစစ်ဌာနချုပ် အမှတ် ၃၇ ခြေမြန်တပ်ရင်းမှာ ထိန်းသိမ်းထားပြီး ကျန်သူတွေကိုတော့ မယ်ဆိုင်ခရိုင် လ၀ကရဲတပ်ဖွဲ့မှာ ဆက်လက် ထိန်းသိမ်းစစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။ ကိုးကား - မန်နေဂျာအွန်လိုင်း
2 years Ago
Up