ဘရူနိုဖာနန်ဒက်စ်လို ကစားသမားမျိုးရှိတာတောင် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ ရုန်းကန်ရလိမ့်မယ်လို့ မိုက်ကယ်အိုဝင်က သုံးသပ်ပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ လီဗာပူး၊ မန်စီတီးတို့လို အနေအထားမျိုးမှာ ရှိမနေသေးဘူးလို့လည်း သူက ထောက်ပြပါတယ်။
ဆိုးလ်ရှားရဲ့အသင်းဟာ ဒီရာသီအစပိုင်းမှာ အထနှေးခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ရလဒ်တွေ ကောင်းမွန်လာပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းအဖြစ် ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဗီလာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ယူခဲ့ပြီးနောက် အမှတ်ပေးဇယားမှာ ထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ်တူအနေအထားကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ဟာ အရေးပါတဲ့ ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့တော့ အလှမ်းဝေးနေဆဲဖြစ်တယ်လို့ အိုဝင်က သုံးသပ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အသင်းအတွက် တည်ငြိမ်မှုကို ထိန်းထားနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး တခြားပြိုင်ဘက်အသင်းတွေနဲ့ တတန်းတည်း ဆက်ရှိနေရေးအတွက် ဒီအခြေအနေကို ပြောင်းလဲပစ်လို့ လိုအပ်ပါတယ်။
လက်ရှိအသင်းလူစာရင်းမှာ ပေါ်တူဂီကစားသမား ဘရူနိုဖာနန်ဒက်စ်က အသင်းရဲ့ အဓိကအကျဆုံးကစားသမားအဖြစ်ရှိနေပြီး ကျန်ကစားသမားတွေဟာလည်း ၈ နှစ်အတွင်း ပထမဆုံးဆုဖလားကို ရယူဖို့အတွက် လိုအပ်တဲ့ အရည်အသွေးရှိ ကစားသမားတွေပဲဖြစ်ပါတယ်။
ဒါပေမယ့် အိုဝင်ကတော့ ယူနိုက်တက်အသင်းဟာ မန်ချက်စတာနဲ့ မာဆေးဆိုဒ်တို့က ပိုင်ဘက်အသင်းတွေလို ပြည်တွင်းနဲ့ဥရောပပွဲစဉ်တွေမှာ ထိပ်ဆုံးကိုရောက်ရှိဖို့ အတွေ့အကြုံနဲ့ ခိုင်မာမှု လိုအပ်နေဆဲဖြစ်တယ်လို့ ယူဆထားပါတယ်။
Premier League Productions နဲ့ တွေ့ဆုံခဲ့ရာမှာ ယူနိုက်တက်တိုက်စစ်မှူးဟောင်း အိုဝင်က “ဘရူနိုနဲ့ သူတို့ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်ပါ့မလား မသေချာပါဘူး။ သူတို့ဟာ တန်ပြန်တိုက်စစ်ကို ကောင်းကောင်းကစားနိုင်တဲ့အသင်းဖြစ်ပြီး သူတို့ထက်ပိုကောင်း၊ ပိုကြီးတဲ့အသင်းတွေကိုတောင် ရင်ဆိုင်နိုင်ကာ ဒုက္ခပေးနိုင်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်မေးချင်တာကတော့ သူတို့ ဝုဗ်လိုအသင်းမျိုးနဲ့ ကစားရလို့ ဘောလုံးပိုင်ဆိုင်မှုရရှိထားပြီး ပြိုင်ဘက်ကို ထိုးဖောက်ဖို့ကြိုးစားချိန်ပါပဲ။ သူတို့ အခွင့်အရေးတွေမဖန်တီးနိုင်တာမျိုးပါ” လို့ အိုဝင်က ပြောပါတယ်။
ယူနိုက်တက်ရဲ့ ဂိုးကွာဟချက်နဲ့ပတ်သတ်ပြီးတော့လည်း အိုဝင်က မေးခွန်းထုတ်ခဲ့ပေမယ့် သူတို့ရဲ့လက်ရှိ ကစားပုံအရ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာကိုတော့ အိုဝင်က ဝန်ခံပါတယ်။
2 months Ago