ဆီးရီးယားနဲ့ အီရန်အရေးတွေနဲ့ ပတ်သက်ပြီး အမေရိကန်ဟာ အစ္စရေးနဲ့ ဆက်ပူးပေါင်းသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ဇန်နဝါရီ ၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံကနေ အမေရိကန်တပ်တွေ ဆုတ်ခွာဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စီစဉ်ထားပေမယ့် အရှေ့အလယ်ပိုင်းမှာ အီရန်ကို တန်ပြန်ဖို့နဲ့ ဆီးရီးယားကို ထိန်းသိမ်းဖို့ ခုလို ပူးပေါင်းတာလို့လည်း ပွန်ပီယိုက ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကလည်း ဘရာဇီးနိုင်ငံရဲ့ မြို့တော်မှာ ပွန်ပီယိုနဲ့ တွေ့ခဲ့တယ်၊ အီရန်ရဲ့ ရန်လိုမှုကို ပိတ်ဆို့ဖို့နဲ့ ဆီးရီးယားအရေးတွေမှာ ထောက်လှမ်းရေးနဲ့ စစ်ဆင်ရေးတွေ ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုတိုးလုပ်မယ်ဆိုတာ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်အစိုးရက အစ္စရေးနဲ့ အတူတွဲလုပ်မယ့် ဘယ်ကိစ္စမဆို အပြောင်းအလဲ မရှိဘူးလို့ ပွန်ပီယိုက ပထမဆုံး လူသိရှင်ကြား မှတ်ချက်အတွင်း ပြောပါတယ်။
ဆီးရီးယားနိုင်ငံထဲက အိုင်အက်စ် စစ်သွေးကြွတွေကို နှိမ်နင်းပြီးပြီမို့ ဆက်ပြီး မလိုအပ်တော့တဲ့အတွက် အမေရိကန်ရဲ့ စစ်ဆင်ရေး အောင်မြင်ခဲ့ပြီလို့ ကြေညာရင်း ဆီးရီးယားက အမေရိကန်တပ်တွေကို ပြန်ဆုတ်ဖို့ စီစဉ်ခဲ့တယ်လို့ ထရမ့်က အရင်လထဲမှာ ကြေညာခဲ့ပါတယ်။
4 years Ago