မိုးကောင်းတွင်

July 8, 2017

မိုးကောင်းတွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ် မီးလောင်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ နန့်ရင်းရပ်ကွက်မှာ ဖုန်းအားသွင်းရာမှတဆင့် အပူလွန်ကဲပြီး နေအိမ်တလုံးမီးလောင်ကျွမ်းမှု ဇူလိုင် ၇ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်လောက်က ဖြစ်ပွားခဲ့တယ်လို့ မိုးကောင်းမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးမြင့်ကြည်က ပြောပါတယ်။ မိုးကောင်းမြို့ နန့်ရင်းရပ်ကွက်မှာ ကိုတင်ခရဲ့ အိမ်အမှတ်(န/၄၇)အုတ်ညှပ်/သစ်သားကာ၊ သွပ်မိုး(၄x၆)ပင်(၂)ထပ်နေအိမ် အပေါ်ထပ်ဘုရားခန်းအတွင်း ဖုန်းအားသွင်းထားရာက အပူလွန်ကဲပြီး မီးးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ်အပေါ်ထပ်ရှိ သစ်သားအကာ၊ မျက်နှာကျက်၊ ပြတင်းတံခါးနဲ့ သွပ်မိုးတို့ကို မီးစွဲလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ မီးသတ်တပ်ဖွဲ့နဲ့ ပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ကာလတန်ဖိုး ကျပ် ၃၀၃၇၅၀ ဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ မိုးကောင်းမြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမြင့်ကြည်က ပြောပါတယ်။ “ကျနော်တို့ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ်နေရာကို မိုးကောင်းမီးသတ်စခန်းမှ မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၇ ဦး အရံ ၃၀ ဦး၊ ပြည်သူ၅၀ ဦးခန့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်ရတဲ့အကြောင်းအရင်းက တယ်လီဖုန်း အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။ မီးအားပေါ့ဆစွာ အသုံးပြုသူ ကိုတင်ခကို မိုးကောင်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၂၈၅ အရ အရေးယူဆောင်ရွက် နေတယ်လို့ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)
5 years Ago
Up