မိသားစုဝင်

October 8, 2017

မိသားစုဝင် ၉ ဦး လိုက်ပါလာသည့် စက်လှေတိမ်းမှောက်၊ ၅ ဦးသေဆုံး

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ကော့ရင်းအထက်ကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာနဲ့ နန်းပင်ကုန်းကျေးရွာအကြား ဘုန်းကြီးကျောင်း ကထိန်သွားရောက်တဲ့ စက်လှေမှောက်ပြီး မိသားစုဝင် ၅ ဦးသေဆုံးပြီး ၄ ဦး အတွင်းလူနာနဲ့ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၇ ရက် မနက် ၁၁ နာရီက မြင်းကောင်ရေ ၁ ကောင်ခွဲတပ် စက်တပ်စက်လှေကို ဘားအံမြို့နယ် အနန်းပင်ကျေးရွာနေ ဦးတဂီဘော(ခ) မြင့်မောင် မောင်းနှင်ပြီး ဇနီးနဲ့အတူ သားသမီး၊ တူ၊ တူမတွေအပါအ၀င် မိသားစု ၉ ဦးလိုက်ပါလာပြီး မုရင်းအင်းအတွင်း အရှိန်နဲ့ မောင်းကွေ့စဉ် စက်လှေတိမ်းမှောက်နစ်မြုပ်ခဲ့ပါတယ်။ စက်လှေတိမ်းမှောက်မှုကြောင့် ဇနီးဖြစ်သူ ဒေါ်နန်းဝင်း (၂၉) နှစ်၊ သမီးဖြစ်သူ မပပ၀င်းခိုင် ၆ နှစ်၊ သားဖြစ်သူ မောင်ထူးမြတ်သူ (၂) နှစ်၊ တူဖြစ်သူ မောင်သန့်ဇင်ဦး (၉) နှစ်နဲ့ မောင်သန်းချစ်ဦး ၇ နှစ်တို့ သေဆုံးခဲ့ပြီး၊ ဦးတဂီဘော(ခ)မြင့်မောင် (စက်လှေမောင်း)အပါဝင် မိသားစုဝင် ၄ ဦးတို့ကတော့ ဘားအံပြည်သူ့ ဆေးရုံကြီးကို အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသမှု ခံနေရတယ်လို့ သိရပါတယ်။ “စက်လှေမှောက်တာ ဟုတ်ပါတယ်။ မုရင်းအင်းအတွင်းမှာ အရှိန်နဲ့ မောင်းကွေ့လိုက်တာ စက်လှေက တိမ်းမှောက်ပြီး နစ်သွားတာပါ” လို့ မြိုင်ကလေး ရဲကင်းစခန်း တာဝန်ရှိသူက ပြောပါတယ်။ လူသေဆုံးဒဏ်ရာရရှိအောင် စက်လှေကို မဆင်မခြင်မောင်းနှင်တဲ့အတွက် ဦးတဂီဘော(ခ)မြင့်မောင်ကို ဘားအံမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ-၃၀၄-က/၂၈၀ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်။ သတင်း-ရဲမင်းခေါင်၊ ဓာတ်ပုံ-နေလင်းအာင် မြိုင်ကလေး(Rescue)
4 years Ago
Up