မိသားစုအတွင်း နိုင်ငံခြားသွေးရောသူ မပါဝင်

October 9, 2020

မိသားစုအတွင်း နိုင်ငံခြားသွေးရောသူ မပါဝင်ဟု ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ပြော

မိသားစုအတွင်း စီးပွားရေးသောင်းကျန်းသူတွေ၊ အခွင့်အရေးကို မတရားရယူသူတွေ မရှိသလို ပြည်ပသွေးရောသူတွေလည်း ပါဝင်ခြင်း မရှိတာကို အာမခံနိုင်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ  ဦးသန်းဌေးက မဲဆွယ်စည်းရုံးရာမှာပြောပါတယ်။ အောက်တိုဘာ ၉ ရက် မနက်က  နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သက်နှင်းအေးကျေးရွာ၊ သစ်တပ်ကလေးကျေးရွာအတွင်း ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။ မဲဆွယ်ရာမှာ ဖြန့်ဝေတဲ့ လက်ကမ်းစာစောင်တွေမှာ ကိုယ်ရေးရာဇဝင်အပါအဝင် မိသားစုအခြေအနေကိုပါ ထည့်သွင်းဖော်ပြတာနဲ့  ပတ်သက်ပြီး ဦးသန်းဌေးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ ကျနော်ဘယ်လိုလူမျိုးလဲ၊ ဘယ်အလုပ်တွေလုပ်ခဲ့လဲ၊ ကျနော့်ဇနီး၊ ကျနော့် သားသမီးတွေ ဒီလိုလူတွေဟာ စီးပွားရေး သောင်းကျန်းနေတဲ့လူတွေလား၊ အခွင့်အရေးတွေ မတရားယူထားတဲ့သူတွေလား၊ ဒီအထဲမှာ ဘယ်လိုသွေးမျိုးတွေ ပါနေ သလဲ၊ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ တခြားနိုင်ငံခြားက သွေးရောတာတွေ ရှိသလား၊” လို့  ဦးသန်းဌေးက ပြောပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်နေချိန်မှာ အခုလို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး‌ ဟောပြောနေရာတာနဲ့ ပတ်သက်ပြီး လည်း စိတ်မချမ်းသာဘူးလို့ ဆိုပါတယ်။  ဒါ့အပြင် အခွင့်အရေးကို မတရားယူနေသူတွေက ယူနေချိန်မှာ ရသင့်တဲ့ အခွင့်အရေးကို မယူရင် နစ်နာမှာဖြစ်တဲ့အတွက် အခွင့်အရေးယူရတာဖြစ်တယ်လို့လည်း ဦးသန်းဌေးက ပြောပါတယ်။ “ပါတီက တာဝန်ပေးထားတာဖြစ်တဲ့အတွက် ရွေးကောက်ပွဲလုပ်ရင် ဒီပါတီကို နိုင်အောင်လုပ်ရမှာ ကျနော့်တာဝန်ပဲ။ ရွေးကောက်ပွဲသတ်မှတ်တာကလည်း သတ်မှတ်တဲ့သူတွေရဲ့ သမိုင်းပဲ၊ ဒီကြားထဲမှာ ဖြစ်အောင်လုပ်မယ် ဆိုရင်လည်း ဖြစ်လာတဲ့အခြေအနေအရပ်ရပ်ကို ကျော်လွှားပြီးတော့ အနိုင်ယူဖို့ လုပ်ရမှာကလည်း ဒို့ကတော့ အသင့်ပဲ” လို့ ရွေးကောက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး ဦးသန်းဌေးက ပြောပါတယ်။ ဦးသန်းဌေးအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ဇေယျာသီရိမဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ပြိုင်မှာဖြစ်ပြီး  အာဏာရပါတီ အန်အယ်လ်ဒီက ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေနဲ့ အဓိက ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ တပ်မတော်သားမိသားစုဝင်တွေအများစုရှိတဲ့ ဇေယျာသီရိမဲဆန္ဒနယ်မှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၇၉၀၀၀ ကျော်ရှိနေတာပါ။ ကြံ့ခိုင်ရေးပါတီအနေနဲ့ ဇေယျာသီရိမဲဆန္ဒနယ်မှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အနိုင်ရရှိခဲ့သလို ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းကလည်း နေပြည်တော် မဲဆန္ဒနယ် ၁၀ နေရာမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိခဲ့တဲ့ တစ်ခုတည်းသော မဲဆန္ဒနယ်လည်း ဖြစ်ပါတယ်။ သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
7 months Ago
Up