ကမ္ဘာကျော် ဘောလုံးသမား မာရာဒိုနာဟာ နှလုံးအမောဖောက်လို့ နိုဝင်ဘာ ၂၅ ရက်က သေဆုံးအပြီး ကမ္ဘာတလွှား သူ့ရဲ့ ပရိသတ်က ဝမ်းနည်းပူဆွေးခဲ့ပါတယ်။
သူ့ရဲ့ အထင်ကရ ဘောလုံး ဂျာစီအင်္ကျီနဲ့ ဇိမ်ခံကားတွေကစလို့ ကမ်းတက် တင့်ကားတစီး အပါအဝင် သူပိုင်ဆိုင်မှုအရပ်ရပ်ကို သူ့မိသားစုတွေအကြား ဘယ်လို အမွေခွဲပေးမလဲ ဆိုတာကတော့ တော်တော်ရှုပ်ထွေးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
မာရာဒိုနာရဲ့ ပိုင်ဆိုင်မှုတွေကို အမွေဆက်ခံဖို့ လက်တွဲဖော် ၆ ယောက်ကနေ မွေးထားတဲ့ သားသမီး ၈ ယောက် ရှိနေတာပါ။
မာရာဒိုနာမှာ အာဂျင်တီးနားနိုင်ငံမှာ သားသမီး ၄ ယောက်၊ အီတလီမှာ ၁ ယောက်နဲ့ ကျူးဘားမှာ ၃ ယောက် ရှိတယ်လို့ သူ့ရှေ့နေ မာတီးယတ်စ်မော်လာက ပြောပါတယ်။
အဲဒီထဲက ၅ ယောက်ကိုသာ မာရာဒိုနာက တရားဝင် အသိအမှတ်ပြုထားပြီး သူ့ရဲ့ မျိုးရိုးနာမည်ကို သုံးခွင့်ပေးထားတယ်လို့ ဗျူးနော့အေးရီးစ် အခြေစိုက် ဘောလုံးရှေ့နေ မာတင်အပိုလိုက ပြောပါတယ်။
အမွေခံတွေအတွက် တရားဝင်လုပ်ငန်းစဉ်ဟာ ရက် ၉၀ ထိ ကြာနိုင်ပြီး အမွေခံတွေဟာ သူတို့ကိုယ်သူတို့ ကိုယ်စားပြုရမယ်လို့လည်း ရှေ့နေ အပိုလိုက ပြောပါတယ်။
ကမ္ဘာ့ဖလား ချန်ပီယံ မာရာဒိုနာဟာ သေဆုံးချိန်က အာဂျင်တီးနားကလပ် အသင်းရဲ့ နည်းပြ ဖြစ်ပြီး အိမ်ခြံမြေ၊ စမတ်ကားတွေ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ရတနာပစ္စည်းတွေ အများအပြား ပိုင်ဆိုင်ခဲ့ပါတယ်။
မာရာဒိုနာဟာ အာဂျင်တီးနား၊ စပိန်၊ အီတလီ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု ဘဲလာရုစ်နဲ့ မက်ဆီကိုအသင်းတွေမှာ ပါဝင်ကစားခဲ့သလို နည်းပြအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဟူဘလော့တ်ပူးမားနဲ့ ကိုကာကိုလာတို့လို ကုန်တံဆိပ်တွေရဲ့ ထောက်ပံ့မှုနဲ့ ကန်ထရိုက်တွေလည်း ရှိထားပါတယ်။
မာရာဒိုနာရဲ့ မိသားစုဟာ လတ်တလောနှစ်တွေအတွင်း အငြင်းပွားမှု အတော်များများကို ကြုံတွေ့ခဲ့ရပြီး သူ့ချစ်သူဟောင်း ကလော့ဒီယာ ဗီလာဖှာနေနဲ့လည်း အခွန်ရှောင်မှုနဲ့ မာရာဒိုနာ ဘောလုံးသမားဘဝက ပစ္စည်း ၄၅၈ မျိုးကို လိမ်လည်အလွဲသုံးမှုတွေနဲ့ တရားရင်ဆိုင်ထားရပါတယ်။
မာရာဒိုနာဟာ ဦးနှောက်ထဲက သွေးခဲကိုဖယ်ဖို့ ခွဲစိတ်ကုသခံယူအပြီး သူ မသေဆုံးမီ သီတင်းပတ်အတွင်းမှာတော့ သူ့မိသားစုနဲ့ သားသမီးတွေ ညီညွတ်ကြဖို့ ဆော်သြခဲ့ပါတယ်။
3 months Ago