မိလ္လာကျင်းထဲ ဖုန်းဆင်းကောက်ရာကနေ ကျောင်းသား ၄ ဦးသေဆုံး

October 17, 2018

မိလ္လာကျင်းထဲ ဖုန်းဆင်းကောက်ရာကနေ ကျောင်းသား ၄ ဦးသေဆုံး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ရွှေပန်းတောကျေးရွာအုပ်စု၊ ဈေးကုန်းကျေးရွာမှာ မိလ္လာကျင်းထဲ ကျသွားတဲ့ တယ်လီဖုန်းကို ဆင်းကောက်ရာကနေ ကျောင်းသား ၄ ဦးသေဆုံးသွားပါတယ်။ ဈေးကုန်းကျေးရွာ သစ္စာပညာဥယျာဉ်ဘော်ဒါဆောင်နေတဲ့ ကျောင်းသား ၄ ဦးဟာ ဒီနေ့မနက် မိလ္လာကျင်းထဲဖုန်းကျလို့  ဆင်းကောက်ရာကနေ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တာလို့ ကျေးကုန်းကျေးရွာက ကိုကျော်ဝေဖြိုးက ပြောပါတယ်။ “ဖုန်းပြုတ်ကျလို့ ဆင်းဆယ်ရင်းနဲ့မှ တစ်ယောက်သေ၊ တစ်ယောက်သေနဲ့ အကုန်လုံး ကျတာလေ။ အဲလိုကျပြီးတော့ ဘော်ဒါလည်း စာသင်ချိန်ဆိုတော့မသိလိုက်ဘူး။ နောက်ဆုံး တယောက်မှ ကြိုးလာယူရင်းနဲ့သိတော့ Ungent သွားကြတဲ့အခါကျတော့ မမီကြတော့ ဘူးလေ” သေဆုံးသူကျောင်းသားတွေဟာ ဒသမတန်းကျောင်းသား ၂ ယောက်နဲ့ အဋ္ဌမတန်းကျောင်းသား ၂ ဦးတို့ဖြစ်ပါတယ်။ သူတို့ရဲ့ဆရာတယောက်ရဲ့ဖုန်း  ပြုတ်ကျခဲ့တာဖြစ်ပြီး ဆင်းမဆယ်ဖို့ သတိပေးထား ပေမယ့် ကျောင်းတက်ချိန်မှာ အဆိုပါကလေးတွေဟာ ဖုန်းသွားရောက်ဆယ်ယူခဲ့တာ လို့လည်း ပြောပါတယ်။ မိလ္လာကျင်းဟာ ၁၂ ပေလောက်နက်တဲ့အတွက်လည်း အားလုံး အောင်စီဂျင်ပြတ် သေဆုံးခဲ့တာလို့လည်းပြောပါတယ်။ သေဆုံးသွားတဲ့ကျောင်းသားလေးတွေဟာ ဈေးကုန်းကျေးရွာက တယောက်၊ လက်ခုတ်ပင်ကျေးရွာက  ၂ ယောက်နဲ့ ရန်ကုန်က ၁ ယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။ သေဆုံးသူတွေကတော့  မောင်သန်းတိုးအောင်၊ မောင်ထိုက်မင်းရှိန်၊ မောင်ဇေယျာမင်းချစ် နဲ့ မောင်ဟိန်းထက်စံတို့ ဖြစ်ကြပြီး သူတို့ရဲ့ ရုပ်လောင်းကိုတော့ ရွှေပန်းတောတိုက်နယ်ဆေးရုံမှာသာ ထားရှိ စစ်ဆေးနေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းနယ်၊ ဆန်ကျိန်းရွာမှာ အမျိုးသမီးတဦး အိမ်သာတက်ရင်း ဖုန်းပြုတ်ကျရာက အိမ်သာတွင်းထဲ ဆင်းဆယ်ယူတဲ့ အမျိုးသား ၄ဦး သေဆုံးသွားခဲ့ပါတယ်။
3 years Ago
Up