မိမိကလေးအား ပြန်မွေးစားရန် ဂေးဆရာဝန် တောင်းဆိုချက် စင်ကာပူတရားရုံးပယ်ချ

December 29, 2017

မိမိကလေးအား ပြန်မွေးစားရန် ဂေးဆရာဝန် တောင်းဆိုချက် စင်ကာပူတရားရုံးပယ်ချ

စင်ကာပူနိုင်ငံမှာ ဂေးဆရာဝန်တဦးဟာ အငှားကိုယ်ဝန်ဆောင်နဲ့ မွေးခဲ့တဲ့ သူ့ရဲ့ကလေးကို ပြန်လည်မွေးစားဖို့ တောင်းဆိုခဲ့ပေမယ့် စင်ကာပူတရားရုံးက ပယ်ချခဲ့ပါတယ်။ လက်မထပ်တဲ့ စုံတွဲတွေအတွက် ကလေးမွေးစားလို့ရတဲ့ စည်းမျဉ်းစည်းကမ်း မရှိတာကြောင့် ဒီတောင်းဆိုမှုကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ စင်ကာပူနိုင်ငံဟာ ခေတ်သစ်လူ့အသိုင်းအဝိုင်းဖြစ်ပေမယ့် လူမှုအသိုင်းအဝိုင်းအတွင်း ရှေးရိုးစွဲယူဆမှုတွေက ကျန်နေပါသေးတယ်။ စင်ကာပူနိုင်ငံမှာ ယောက်ျားခြင်း လိင်ဆက်ဆံမှုပြုတာက ရာဇဝတ်မှုဖြစ်သလို အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်တယ်လို့လည်း သိရပါတယ်။ စင်ကာပူအစိုးရက နိုင်ငံသားတွေကြား ကလေးမွေးဖွားမှုတိုးဖို့ အားထုတ်နေပြီး စုံတွဲတွေ ကလေးမွေးကြဖို့ ရက်ရောလှတဲ့ မက်လုံးတွေလည်း ပေးနေတာပါ။ ဒါပေမယ့် လက်ထပ်ထားတဲ့ စုံတွဲတွေအတွက်သာ ဖန်ပြွန်သန္ဓေသားမွေးဖွားဖို့ ခွင့်ပြုပေမယ့် အငှားကိုယ်ဝန်ဆောင် မွေးဖွားတာကိုတော့ ခွင့်မပြုထားပါဘူး။ အတူနေအမျိုးသားနဲ့ လိင်တူဆက်ဆံတဲ့ ဂေးဆရာဝန်က စင်ကာပူနိုင်ငံမှာ ဂေးတဦးအနေနဲ့ ကလေးမွေးစားလို့မရကြောင်း သိပြီးတဲ့နောက် သူဟာ အမေရိကန်နိုင်ငံသူ အမျိုးသမီးတဦးကို ဒေါ်လာ ၂ သိန်းပေးပြီး ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ ကလေးမွေးခိုင်းခဲ့တာပါ။ ဒါပေမယ့်လည်း အမေရိကန် အငှားကိုယ်ဝန်ဆောင်နဲ့ မွေးဖွားခဲ့တဲ့ သူ့ရဲ့ကလေး မွေးစားဖို့ကိစ္စ ဒီအပတ်ထဲမှာ တောင်းဆိုမှုကို စင်ကာပူတရားရုံးက မဖြစ်နိုင်ဘူးလို့ ငြင်းပယ်ခဲ့တာပါ။ အသက် ၄ နှစ်အရွယ် အမေရိကန်နိုင်ငံသား ကလေးငယ်ကတော့ ဒီအမျိုးသားရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေဆဲလို့ သိရပါတယ်။ နာမည်ဖော်ပြမထားတဲ့ ဒီအမျိုးသားကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သူလုပ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ သူ့ရဲ့ရှေ့နေအဖွဲ့က ပြောပါတယ်။ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက လိင်တူလက်ထပ်တာကို ခွင့်ပြုဖို့ စင်ကာပူနိုင်ငံအနေနဲ့ အဆင်သင့်မဖြစ်သေးဘူး၊ လူမှုအသိုင်းအဝိုင်းရဲ့ အမြင်ပြောင်းလဲလာတဲ့ အချိန်အထိ သူ့အနေနဲ့ လိင်တူခြင်းဆက်ဆံတာကို ဆန့်ကျင်တဲ့ ဥပဒေကို လက်ခံထားရလိမ့်မယ်လို့ ဆိုပါတယ်။ ဂေးတွေ၊ ကျားရော မပါ လိင်ဆက်ဆံသူတွေနဲ့ လိင်ခွဲစိတ်ပြုပြင်ထားသူတွေရဲ့ အခွင့်အရေး ကာကွယ်ရေးအဖွဲ့ ပင့်က်ဒေါ့တ် (Pink Dot) ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ တရားရုံးဆုံးဖြတ်ချက်က တုန်လှုပ်ဖွယ်ပဲလို့ မှတ်ချက်ပေးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဒီဇင်ဘာ ၂၉ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up