မိဘနှစ်ပါးနှင့် ပြန်လည်တွေ့ဆုံ

January 15, 2017

၁၈ နှစ်ကြာ ပြန်ပေးဆွဲခံခဲ့ရသည့် ကာမီယာ မိဘနှစ်ပါးနှင့် ပြန်လည်တွေ့ဆုံ

မွေးစားမိခင်ရဲ့ ၁၈ နှစ်ကြာ ပြန်ပေးဆွဲခံခဲ့ရတဲ့ ကာမီယာ မော်ဘလေဟာ ဇန်န၀ါရီလ ၁၄ ရက်နေ့က မိခင် ဖခင်အရင်းဖြစ်သူတွေနဲ့ တောင်ကာရိုလိုင်းနားက ရဲစခန်းမှာ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ မွေးကင်းစ အရွယ်ကတည်းက ပျောက်ဆုံးသွားခဲ့တဲ့ ကာမီယာကို မိဘတွေက တောင်ကယ်ရိုလိုင်းနားပြည်နယ် ဝေါ်လ်တာဘိရိုမြို့မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။ ကာမီယာရဲ့ ဖခင်ဖြစ်သူက “ပထမဆုံးအကြိမ်ဆုံတွေ့မှုက သိပ်ကိုလှပပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်။ မျှော်လင့်ချက်မဲ့နေသူတွေဟာ မျှော်လင့်ချက်တွေကို လက်မလျော့ဘဲ ဆက်လက်ဆုပ်ကိုင်ထားသင့်ပါတယ်။ အားမလျှော့ပါနဲ့၊ ဆက်ကြိုစားပါ။ ကျနော်တို့လို အဖြစ်မျိုး လူတိုင်းအတွက် ဖြစ်လာနိုင်ပါတယ်” လို့ ၀မ်းပန်းတသာနဲ့ ပြောပြသွားပါတယ်။ “ခံစားမှုက ဖော်မပြနိုင်လောက်အောင်ပါဘဲ။ စကားလုံးတွေတောင် ရှာမတွေ့တော့ပါဘူး။ ၁၈ နှစ်ဆိုတဲ့အချိန်တွေကို အကောင်းအတိုင်းဖြစ်အောင် ပြန်လည်တည်ဆောက်ဖို့က ခက်ခဲပါလိမ့်မယ်” လို့ မိဘအရင်းနဲ့ ခွဲခွာခဲ့ရတဲ့ သမီးဖြစ်သူကို ရည်ညွှန်းပြောဆိုသွားပါတယ်။ ၁၉၉၈ ခုနှစ်က ဖလော်ရီဒါပြည်နယ် ဂျက်ဆင်ဗီးလ်ဆေးရုံပေါ်မှာ ကာမီယာ မော်ဘလေကို မွေးဖွားခဲ့ပါတယ်။ မွေးပြီး ၈ နာရီအကြာမှာ ဂလိုရီယာ ၀ီလီယမ်စ် ဆိုတဲ့ အမျိုးသမီးက ခိုးယူပြီး ၁၈ နှစ်ကြာ မွေးစားထားခဲ့တာဖြစ်ပါတယ်။ အခုအခါ မွေးစားမိခင် ဂလိုရီယာကို တောင်ကယ်ရိုလိုင်းနားပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီးဖြစ်ပါတယ်။ ကာမီယာရဲ့ အဖွားအရင်းဖြစ်သူကတော့ “သူ့မြေးမလေးဟာ အသက် ၁၈ နှစ်သာ ရှိသေးတာမို့ သူ့ဘ၀မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို လက်ခံဖို့ ခက်ခဲလိမ့်မယ်” လို့ ရိုက်တာသတင်းဌာနကို ပြောပြခဲ့ပါတယ်။
5 years Ago
Up