မိန်းကလေး

September 27, 2022

မြောက်ကိုရီးယားရုပ်သံက ပြသခဲ့သည့် မိန်းကလေးကိစ္စ စိတ်ဝင်စားမှုမြင့်တက်နေ

‌မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့သမီး ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားမီဒီယာ တွေကဖော်ပြနေတဲ့ မကြာသေးခင်က မြောက်ကိုရီးယားအစိုးရပိုင် ရုပ်မြင်သံကြား ဗီဒီယိုဖိုင်ထဲက မိန်းကလေးတစ်ဦးကို  ဘယ်သူဘယ်ဝါဆိုတာ ဆန်းစစ်နေတယ်လို့ တောင်ကိုရီးယား အစိုးရက စက်တင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။

စက်တင်ဘာ ၈ ရက်က မြောက်ကိုရီးယားနိုင်ငံ တည်ထောင်မှု နှစ်ပတ်လည် အခမ်းအနားမှာ တခြားကလေးတွေနဲ့အတူ ဖျော်ဖြေခဲ့တဲ့ မိန်းကလေးဟာ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ သမီးလို့ တရုတ်ပညာရှင်တွေကို ကိုးကားပြီး တောင်ကိုရီးယား မီဒီယာတွေက စက်တင်ဘာ ၂၅ ရက် မှာ ဖော်ပြခဲ့တာပါ။ အဲဒီနောက်မှာ ထင်ကြေးပေးတာတွေ မြင့်တက်လာခဲ့ပါတယ်။

တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ဒီသတင်းတွေကို အသိအမှတ်ပြုပြီး ဗီဒီယိုဖိုင်ကို ခွဲခြမ်းစိတ်ဖြာနေတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ချိုဂျွန်းဟွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ကင်မ်ရဲ့ သမီးဖြစ်နိုင်ခြေနည်းပါးပြီး ဒီသတင်းတွေကို အတည်ပြုဖို့ နည်းလမ်းမရှိဘူးလို့ ဝန်ကြီးဌာနက ပြောပါတယ်။

KRT သတင်းဌာနရဲ့ ဗီဒီယိုဟာ ကလေးအပေါ် စူးစူးစိုက်စိုက် အာရုံစိုက်ခဲ့ပြီး သူဟာ ဆံပင်မချည်ထားတဲ့ တစ်ဦးတည်းသော မိန်းကလေးပါ။

ကင်မ်ဂျုံအန်းရဲ့ ဇနီးရိဆိုးဂျူးဟာလည်း ဖျော်ဖြေပွဲအပြီးမှာ စကားပြောဖို့ မိန်းကလေးဆီ ချဉ်းကပ်လာတာ မြင်တွေ့ခဲ့ရပါတယ်။ 

2 months Ago

September 16, 2022

အိန္ဒိယတွင် မိန်းကလေး ၂ ဦးအား မုဒိမ်းကျင့်သတ်ဖြတ်မှုဖြင့် လူ ၆ ဦး ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ သစ်ပင်‌တပင်ကနေ ကြိုးဆွဲချ သေဆုံးလျက်တွေ့ရှိရတဲ့ ဇာတ်နိမ့် အသိုင်းအဝိုင်းမှ မိန်းကလေး ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ လူ ၆ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက စက်တင်ဘာ ၁၅ ရက် ပြောကြားခဲ့ပါတယ်။ 

အိန္ဒိယနိုင်ငံရဲ့ လူဦးရေအများဆုံး အူတာပရာဒေ့ရှ်ပြည်နယ် လက်ခ်ဟင်မ်ပူရ်ခယ်ရီခရိုင်ရှိ စိုက်ခင်းတခုထဲမှာ အသက် ၁၅ နှစ်နဲ့ ၁၇ နှစ်ကြားရှိ မိန်းကလေး ၂ ဦးရဲ့ အလောင်းတွေကို စက်တင်ဘာ ၁၅ ရက်မှာ တွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့တာပါ။

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ မိန်းကလေးငယ်တွေကို အဓမ္မပြုကျင့်ပြီးနောက်မှာ ပုဝါပိုင်းနဲ့ လည်ပင်းညှစ်သတ်ခဲ့ပြီး သစ်ပင်ပေါ်ကနေ ကြိုးဆွဲချခဲ့ကြောင်း သိရပါတယ်။ 

ကျူးလွန်သူတွေက လည်ပင်းညှစ်သတ်ခဲ့တာဖြစ်ကြောင်းနဲ့ နောက်တော့ သူတို့ဟာ သက်သေအ ထောက်အထားတွေ ဖျောက်ဖို့ အလောင်းတွေကို သစ်ပင်ပေါ်ကနေ ဆွဲချထားခဲ့တာလို့ ထွက်ဆိုကြောင်း ခရိုင်ရဲမှူး ဆန်ဂျိဗ် ဆူမန်က ပြောပါတယ်။ 

အူတာပရာဒေ့ရှ်ပြည်နယ်ရဲ့ ဒုတိယဝန်ကြီးချုပ် ဘရာဂျက်ရှ်ပါသက်ခ်က အစိုးရအနေနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် တရားမျှတမှု ရှိစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။ 

အစိုးရဟာ ဒီလို အဖြစ်အပျက်တွေကို အလေးအနက်ထားပြီး အပြင်းအထန် အရေးယူကြောင်းနဲ့ ဒီအမှုကို အိန္ဒိယရဲ့ ရာဇသတ်ကြီး ဥပဒေနဲ့အညီ တင်းတင်းကျပ်ကျပ် အရေးယူသွားမယ်လို့ ပြောပါတယ်။ 

ကျူးလွန်ခံရသူတွေရဲ့ ဖခင်ဖြစ်သူကတော့ တရားမျှတမှု လိုချင်ပြီး ကျူးလွန်သူတွေကို ကြိုးဆွဲချ သေဒဏ်ပေးသင့်တယ်လို့ ပြောပါတယ်။ 

အမျိုးအနွယ် ခွဲခြားတဲ့စနစ် လိုက်နာနေကြဆဲ အိန္ဒိယနိုင်ငံမှာ အထူးသဖြင့် ဇာတ်နိမ့်အလွှာမှ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာ အစုလိုက် ရှိနေဆဲဖြစ်ပါတယ်။ 

3 months Ago
More News
Up