မိန့်ခွန်း ပြော

March 4, 2018

သမ္မတရွေးကောက်ပွဲ ပြန်အရွေးခံမည့် ပူတင်က ထောက်ခံသူများကို မိန့်ခွန်း ပြော

လာမယ့် ရုရှားသမ္မတ ရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံမယ့် သမ္မတပူတင်က ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မတ်လ ၃ ရက်နေ့က မြို့တော် မော်စကိုရှိ လုဇ်နိုက်ကီ အားကစားကွင်းမှာ လူပေါင်း ထောင်ချီပြီး သမ္မတ ပူတင်ကို ကြိုဆိုခဲ့ကြပါတယ်။ “ကျနော်တို့မှာ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။ ကျနော်တို့နိုင်ငံကို တောက်ပပြီး အနာဂတ်ကို မျော်ကြည့်တဲ့နိုင်ငံ ဖြစ်စေလိုပါတယ်။ အကြောင်းက ကျနော်တို့ရဲ့ ဘိုးဘေးတွေဟာ ဒီမှာ နေထိုင်ခဲ့တယ်။ အခု ကျနော်တို့နဲ့ ကျနော်တို့ သားသမီးတွေ ဒီမှာ နေထိုင်နေတယ်။ ကျနော်တို့ မြေးမြစ်တွေဟာလည်း ဒီမှာ ဆက်နေထိုင်မှာပါ။ သူတို့တွေ ပျော်ရွင်အောင် ကျနော်တို့ အစွမ်းကုန်လုပ်မှာပါ။ ကျနော်တို့ လုပ်မှာလား။ ကျနော်တို့က လွဲပြီး ဘယ်သူမှ လာလုပ်ပေးမှာ မဟုတ်ဘူး” လို့ သမ္မတ ပူတင်က ပြောကြားခဲ့ပါတယ်။ “ပူတင်အာဏာရချိန်မှာ အားလုံးတည်တည်ငြိမ်ငြိမ်ရှိတယ်။ သူဟာ ရုရှားနိုင်ငံရဲ့ ဒိုင်းသဖွယ်ဖြစ်တဲ့ လက်နက်တပ်ဆင်မှုကို အားပေးတယ်” လို့ အဲလစ်ဆီညင်မော့ ဆိုသူ မက္ကင်းနစ်တဦးက ပြောခဲ့ပါတယ်။ “ပူတင်ကို ကျမထောက်ခံတာပေါ့။ သူက ကျမကြိုက်တဲ့ သမ္မတပဲလေ။ ဘာလို့လဲဆိုတော့ ကျမ သူ့ကို ယုံကြည်တယ်။ ကျမရဲ့ သားကိုလည်း နိုင်ငံခြားသွားစရာ မလိုဘဲ ဒီနိုင်ငံမှာပဲ ကောင်းကောင်းမွန်မွန် ကြီးပြင်းစေချင်ပါတယ်” လို့ ဗင်လင်စီယာကွန်စကာညာ ဆိုသူ စာရင်းကိုင် တဦးကလည်း ပြောခဲ့ပါတယ်။ “ပိုမို အားကောင်းသော ရုရှား” လို့  အမည်ပေးထားတဲ့ မဲဆွယ်စည်းရုံးပွဲကို သမ္မတ ပူတင်ဟာ ခေတ္တ  လာရောက်ခဲ့ပြီး ပြုံချန်းဆောင်းရာသီ အိုလံပစ် ရေခဲပြင်ဟော်ကီ ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရအသင်း၊ နာမည်ကြီး ပုဂ္ဂိုလ်တွေနဲ့အတူ  သမ္မတပူတင်ဟာ ရုရှားအမျိုးသား သီချင်းကို သီဆိုခဲ့ပါတယ်။ အဲဒီနောက်  ပူတင်က သူ့အနေနဲ့ ခေတ်သစ် ရုရှားကို ပြောင်းလဲဖို့ အခွင့်အရေး ရမယ်ဆိုရင် ဆိုဗီယက်ယူနီယံ ပြိုကွဲမှုကို ပြောင်းပြန်လုပ်ပစ်ချင်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
4 years Ago
Up