မိန့်ခွန်းပြောကြား

November 12, 2017

ဆန္ဒပြသူများကို ကတ်တလန်ခေါင်းဆောင် ဗွီဒီယိုမှတဆင့် မိန့်ခွန်းပြောကြား

ကတ်တလန်ခေါင်းဆောင်ဟောင်း ပူအီဒမုန်းဟာ ဆန္ဒပြနေကြတဲ့ ဘာစီလိုနာ ပြည်သူတွေကို ကြိုတင်သွင်းယူထားတဲ့ ဗွီဒီယိုဖိုင်ကနေ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့က ဘာစီလိုနာမြို့ အဓိက လမ်းမကြီးတခုမှာ ကတ်တလန် လွတ်လပ်ရေး ထောက်ခံသူ သိန်းချီပြီး အဖမ်းဆီးခံ ခွဲထွက်ရေးခေါင်းဆောင်တွေကို  လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီနောက် အဖမ်းဆီးခံ ကတ်တလန်ပြည်ထဲရေးဝန်ကြီး ပေးပို့ခဲ့တဲ့စာကို သမီးဖြစ်သူက ဖတ်ကြားခဲ့ပါတယ်။ “ခင်ဗျားတို့ အခုလို နွေးနွေးထွေးထွေး ထောက်ခံပေးတာကို ကျေးဇူးအထူးတင်ပါတယ်။ ကျနော်တို့ ထောင်ထဲ ရောက်သွားပေမယ့် ခင်ဗျားတို့က ဆက်ပြီးထောက်ခံကြတယ်။ အဲဒီ ထောက်ခံမှုဟာ ကျနော်တို့ရဲ့မျှော်လင့်ချက်ပါပဲ။ ကျနော်တို့ရဲ့မျှော်လင့်ချက်ဟာ ခင်ဗျားတို့ရဲ့ လွတ်မြောက်မှုပါပဲ။ ဒုတိယတစ်ချက်က ကျနော်တို့ထောင်ထဲမှာ စည်းစည်းလုံးလုံးရှိပါတယ်။ ဒီအချိန်ဟာ သွေးကွဲရမယ့်အချိန်မဟုတ်ပါဘူး။ စည်းလုံးကြရမယ့် အချိန်ပါ” လို့ ဖတ်ကြားခဲ့ပါတယ်။ အဖမ်းဆီးခံ ကတ်တလန်ခေါင်းဆောင်တွေကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ရင်ဘတ်မှာ ဖဲကြိုးဝါတွေ တပ်ဆင်ပြီး ဆန္ဒပြသူတွေဟာ မာရီနာ ရိပ်သာလမ်းတလျောက် တိုးမပေါက်အောင် များပြားခဲ့ပါတယ်။ ကြိုတင်သွင်းယူထားတဲ့ ပူအီဒမုန်းရဲ့ ဆန္ဒပြသူတွေကို ပြောကြားတဲ့ မိန့်ခွန်းကိုလည်း ပိတ်ကား ထက်မှာ ပြသခဲ့ပါတယ်။ “ပြည်သူတွေက ပြတ်ပြတ်သားသား ပြောဆိုနေသံတွေကို အားလုံး နားထောင်သင့်ပါတယ်။ စပိန်အစိုးရကို ပြောလိုတာက ကျနော်တို့ ဒီအတိုင်းဆက်သွားလို့ မဖြစ်ပါဘူး။ ဥရောပနိုင်ငံတွေ တခြားကို  မျက်နှာလွှဲမနေကြပါနဲ့။ ကမ္ဘာမှာ ရှိကြတဲ့ ဒီမိုကရက်တွေ အကျဥ်းကျ မခံလိုကြတဲ့ အကြမ်းဖက် မခံလိုကြတဲ့ သိက္ခာရှိ ကတ်တလန်ပြည်သူတွေကို  ငဲ့ကြည့်ကြပါ။ သူတို့တွေရဲ့ ဆန္ဒဟာ ကမ္ဘာမှာ ရှိကြတဲ့ ဒီမိုကရက်အများစု အလိုရှိတဲ့အရာပဲ ဖြစ်ပါတယ်။ အဲဒါကတော့ ကတ်တလန်ပြည်သူတွေဟာ လွတ်လပ်မှုကနေတဆင့် သူတို့အနာဂတ်ကို ဆုံးဖြတ်မှာ  ဖြစ်ပါတယ်” လို့ ပူအီဒမုန်းက ပြောကြားခဲ့ပါတယ်။ ဒီသီတင်းပတ်အတွင်းပြုလုပ်တဲ့ လူထုသဘောထား စစ်တမ်းအရ လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲမှာ ကတ်တလန် လွတ်လပ်ရေးထောက်ခံသူ ပါတီတွေ မဲအများအပြား အနိုင်ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။
3 years Ago

January 29, 2017

ဒေါ်နယ်ထရမ့် အမေရိကန်ပြည်သူများကို ပထမဦးဆုံး မိန့်ခွန်းပြောကြား

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ပြည်သူတွေဆီ တိုက်ရိုက်ဦးတည်တဲ့ သူ့ရဲ့ပထမဦးဆုံးမိန့်ခွန်းကို ဇန်န၀ါရီ ၂၈ ရက်က ပြောကြားခဲ့ပါတယ်။ ဒီမိန့်ခွန်းအတွင်း သမ္မတထရမ့်က “ကျနော့်ရဲ့ အမေရိကန်ပြည်သူများခင်ဗျား အမေရိကန်လူထုအတွက် ထမ်းဆောင်ရမယ့် အလွန်ကြီးမားတဲ့ တာဝန်ဝတ္တရားကို ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ လူထုက ကျနော့်အစိုးရပုခုံးပေါ် တင်ပေးလိုက်ပါပြီ။ လုပ်စရာတွေအများကြီးရှိပါတယ်။ အဲဒီအထဲက ကျနော်တို့လုပ်ခဲ့ပြီးတာတချို့ကို ပြောပြချင်ပါတယ်။ သမ္မတအဖြစ် ကျနော့်ရဲ့ပထမဆုံးနေ့တွေမှာ တိုင်းပြည်မှာရှိတဲ့ ထိပ်တန်းကုမ္ပဏီတွေ အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေနဲ့ ကျနော်တွေ့ဆုံခဲ့ပါတယ်။ ကျနော့်ရဲ့ သတင်းစကားက ရှင်းပါတယ်။ ကုန်ပစ္စည်းအားလုံးကို အမေရိကန်မှာပဲ ထုတ်ချင်တယ်။ အမေရိကန်အလုပ်သမားတွေကိုပဲ သုံးချင်တယ်။  ကုမ္ပဏီအတော်များများက အမေရိကန်ကနေ ထွက်သွားမှာမဟုတ်ဘူးလို့ ရွေးကောက်ပွဲကာလကတည်းက ကြေညာခဲ့ပါတယ်။ အမေရိကန်မှာပဲ အလုပ်တွေ ဖန်တီးပေးပါမယ်။ အမေရိကန်ပြည်သူတွေကို ပေးထားတဲ့ကတိတွေကို နေ့တိုင်းနေ့တိုင်း  ကျနော်တို့ ပြည့်ဝအောင် လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်း လုပ်ခဲ့တာတွေကို အခု ကျနော်ပြောပါမယ်။ အခုချိန်ဟာ Obama care ကို အစားထိုးရမဲ့အချိန်ဖြစ်ပါတယ်။ အမေရိကန်အလုပ်သမားတွေကို ကာကွယ်ဖို့အတွက် Trans-Pacific Partnership-TPP အဖွဲ့ကနေထွက်ပြီး တနိုင်ငံချင်းစီ ကုန်သွယ်ရမဲ့အချိန်ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ရင်  Keystone and Dakota Access ကုမ္ပဏီကို အသုံးပြုပါမယ်။ အမေရိကန်က ထုတ်တဲ့ စတီးလ်နဲ့ အခြေခံ အဆောက်အအုံတွေကို အသုံးပြုပါမယ်။ ဆိုးဝါးနေတဲ့အခြေအနေတွေကိုကာကွယ.်ဖို့ အမေရိကန် ပြည်သူတွေ လုံခြုံဖို့အတွက် နယ်စပ်တံတိုင်း ခတ်တာတွေကို ချက်ချင်းစတင်ပါမယ်။”လို့ ပြောကြားသွားပါတယ်။
4 years Ago
Up