မိန့်ခွန်းမပြောမီ အမ်မီနမ် သီချင်းနားထောင်ပြီး စိတ်ဓာတ်မြှင့်တင်ခဲ့သည့် အိုဘားမား

August 9, 2016

မိန့်ခွန်းမပြောမီ အမ်မီနမ် သီချင်းနားထောင်ပြီး စိတ်ဓာတ်မြှင့်တင်ခဲ့သည့် အိုဘားမား (ရုပ်သံ)

ခင်ဗျားတို့အနေနဲ့ နိုးကြားတက်ကြွတဲ့ မိန့်ခွန်းတခုကို ပြောနိုင်ဖို့ ဘယ်လိုစိတ်ဓာတ်ကို မြှင့်တင်လေ့ ရှိပါသလဲ။ တကယ်လို့များ အမေရိကန်သမ္မတ အိုဘားမားသာဆိုရင် အဖြေကတော့ ရှင်းပါတယ်။ “အမ်မီနမ်ကိုသာ နားထောင်ပါ” လို့ ပြောလိုက်မှာပါပဲ။ ဒါဟာ စင်မြင့်တွေရဲ့ နောက်ကွယ်မှ ရုပ်သံဗွီဒီယိုဖိုင်တခုဖြစ်ပြီး ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဟီလာရီကလင်တန်က ထုတ်လွှင့်လိုက်တာလို့ တယ်လီဂရပ်ဖ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအခမ်းအနားမှာ ဟီလာရီကလင်တန်ဟာ တခြားနိုင်ငံရေးသမားတွေကို စင်မြင့်နောက်က လိုက်လံနှုတ်ဆက် ချီးကျူးဂုဏ်ပြုမှုတွေကိုလည်း တွေ့ရပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သမ္မတ အိုဘားမားဟာ ဇူလိုင်လရဲ့ ဒီမိုကရက်တစ်ပါတီ အမျိုးသားညီလာခံ အခမ်းအနား မစတင်ခင်မှာ ဟစ်ဟော့ပ်သီချင်းတပုဒ်ကို နားထောင်ကာ ခေါင်းတဆတ်ဆတ်ညိတ်ပြီး စည်းချက်နဲ့ လှုပ်နေခဲ့တာကို တွေ့ရပါတယ်။ သူဟာ ဟစ်ပ်ဟော့စတား အမ်မီနမ်ရဲ့ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Lose Yourself” သီချင်းကို နားထောင်နေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အိုဘားမားဟာ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ကို လက်ဆွဲနှုတ်ဆက်ခဲ့တာကိုလည်း တွေ့ရပြီး သူက “ခင်ဗျား စိတ်မရှိဘူးဆိုရင် ပြောချင်တာက သူ(ဟီလာရီ)ဟာ ခင်ဗျားထက် နည်းနည်းပိုပြီး အရည်အချင်းရှိတယ်ဗျ။ ခင်ဗျား သူ့အတွက် ဂုဏ်ယူသင့်တယ်” လို့ ပြောလိုက်တာပါ။ တကယ်တမ်းတော့ အိုဘားမားဟာ ဟစ်ဟော့ပ်ဂီတကို သဘောကျ နှစ်သက်သူတဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း သူ့ရဲ့ အနှစ်သက်ဆုံးသီချင်းဟာ ကန်ဒရစ်ခ် လာမားရဲ့ “How Much a Dollar Cost” ဖြစ်တယ်လို့ ထုတ်ဖော်ပြောခဲ့ပါသေးတယ်။
5 years Ago
Up