မိတ္ထီလာ-သာစည်ကားလမ်း

May 12, 2020

မိတ္ထီလာ-သာစည်ကားလမ်း၌ ရပ်ထားသည့်ကားကို ဆိုင်ကယ်ဖြင့်တိုက်မိပြီး သက်ကြီးရွယ်အို ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာ-သာစည်ကားလမ်းမှာ ရပ်ထားတဲ့ ကားတစီးကို  ဆိုင်ကယ်နဲ့ ဝင်တိုက်မိပြီး အသက် ၇၂ နှစ်အရွယ်အမျိုးသား တဦးနဲ့  အသက် ၆၄ နှစ်အရွယ်အမျိုးသမီးတို့  နှစ်ဦးစလုံး သေဆုံးသွားတယ်လို့ မိတ္ထီလာအမှတ်(၂)ရဲစခန်းက ပြောပါတယ်။ မိတ္ထီလာ-သာစည်ကားလမ်း  မိုင်တိုင်(၄/၀ နှင့် ၁)အကြား ရေချိုရွာအနီး ရွာအဝင်လမ်းမှာ မိတ္ထီလာဘက်သို့ ဦးတည်ပြီး လမ်းဘေးချရပ်ထားတဲ့ ၆ ဘီးကားနောက်ကို  မိတ္ထီလာမြို့နယ် ပန်တော်ဆက်ရွာနေ ဦးတင်လှိုင်(၇၂နှစ်)က ဆိုင်ကယ်မောင်းပြီး နောက်ခုံမှာ ဒေါ်သန်းမြ(၆၄နှစ်) လိုက်ပါလာတဲ့ဆိုင်ကယ်က တိုက်မိခဲ့တာဖြစ်ပါတယ်။ မိတ္ထီလာအမှတ်(၂)ရဲစခန်းတာဝန်ကျရဲဝန်ထမ်းတဦးက"ဦးခေါင်းတွေမှာ ဒဏ်ရာရကြတယ်။ ဦးတင်လှိုင်ကတော့ နေရာတင် သေဆုံးတယ်။  ဒေါ်သန်းမြကတော့ မိတ္ထီလာဆေးရုံကို ပရဟိတကားနဲ့ ပို့ဆောင်တုန်း သေဆုံးသွားတယ်"လို့ ပြောပါတယ်။ မိတ္ထီလာအမှတ်(၂)ရဲစခန်းမှာ သေဆုံးသူ ဦးတင်လှိုင်ကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) နဲ့ အမှုဖွင့် ထားပါတယ်။ သတင်း-မောင်မောင်လင်း
11 months Ago
Up