မိတ္ထီလာ၊ မလှိုင်

February 18, 2021

ဝမ်းတွင်း၊ သာစည်၊ မိတ္ထီလာ၊ မလှိုင်တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားသိန်းချီဆန္ဒပြ

မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်း၊ သာစည်၊ မိတ္ထီလာ၊ မလှိူင်တို့မှာ ဒီနေ့မနက်က ၁၁ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အား သိန်းချီဆန္ဒပြခဲ့ကြပါတယ်။ 

ဒီနေ့မှာတော့ CDM လုပ်ဖို့ ကျန်နေတဲ့ ရုံးဌာနတွေရှေ့မျာ ကြွေးကြွော်သံ ထိုင်သပိတ်၊ ဝစီပိတ်ထိုင်သပိတ် ဆိုပြီး ထိုင်သပိတ် ၂ မျိုးနဲ့ စစ်အာဏာရှင်ပြုတ်ကျရေး လှူံဆော် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရှေ့နေတစ်ဦးက "စစ်အာဏာရှင်လက်အောက်မှာ မနေနိုင်လို့ ဆန္ဒပြနေတာပါ။ ဝန်ထမ်းတွေ CDM လုပ်ပြီး ပူးပေါင်းပါဝင်ကြပါ။ ပြည်သူလူထုတရပ်လုံး ပူးပေါင်းလုပ်ဆောင်မှ အောင်မြင်မှာပါ" လို့ DVB ကို ပြောပါတယ်။

ရုံးမတက်ပဲ ရုန်းထွက်၊ ရုံးဆက်တက်ရင်  အာဏာရှင်တွေ သက်ဆိုးရှည်မယ်၊ သူရဲကောင်းတို့ ရုံးမတက်ဖို့ တောင်းပန်ပါတယ် ရှိခိုးပါတယ်၊ သပိတ် သပိတ်မှောက်မှောက်၊ ဖမ်းဆီးထားတဲ့ခေါင်းဆောင်များ အမြန်ဆုံးလွှတ်စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

CDM မလုပ်သေးတဲ့ ရုံးဌာနတစ်ခုတိုင်းမှာ အင်အား ၁၅၀ လောက်စီ ထိုင်သပိတ်လုပ်ဆန္ဒပြခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေဟာ သာစည်မှာ ၃ သောင်းခွဲ၊ ဝမ်းတွင်းမှာ ၄ သောင်း၊ မိတ္ထီလာမှာ ၆ သောင်းလောက် မလှိုင်မှာ ၂ သောင်းခွဲ၊ လေးမြို့နယ်ပေါင်း တစ်သိန်း ခြောက်သောင်းနီးပါး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။

ဝန်းရံပြည်သူတွေကလည်း ရေသန့်ဘူး၊ အချိုရည်ဘူးတွေ ပေးဝေပြီး လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။

သတင်း-ဓာတ်ပုံ-မောင်မောင်လင်း

10 months Ago
Up