မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်

September 16, 2020

မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၅ ဦး ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးအမှုဖွင့်ခံရ

မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား  ၅ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ၊ ၅၀၅(ခ) တို့နဲ့ စက်တင်ဘာ ၁၅ ရက်က အမှုဖွင့်လိုက်တယ်လို့ မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ မိတ္ထီလာမြို့မှာ  စာရွက်တွေ၊ စတေကာတွေ ဖြန့်ဝေတာ၊ ကပ်တာတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ သဲမိုးဦး၊ သန်းတိုးအောင်၊ ဆန်းလင်းကို၊ နေရဲစိုးနဲ့ ရဲဘုန်းနေတို့ ၅ ဦးကို ဖမ်းဆီး အရေးယူလိုက်တာ ဖြစ်ပါတယ်။   မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတာဝန်ကျ ရဲဝန်ထမ်းတဦးက “မြို့မရဲစခန်းက တက္ကသိုလ်ကျောင်းသား ၁ ဦးနဲ့ မိတ္ထီလာအမှတ်-၃ ရဲစခန်းက ၁ ဦးပေါင်း မိတ္ထီလာတက္ကသိုလ် ကျောင်းသားသမဂ္ဂ  ၂ ဦးကို ဖမ်းမိထားတယ်” လို့ပြောပါတယ်။ မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂ သန်းတိုးအောင်ကို အောင်ဆန်းရပ်ကွက်ရှိ ရွှေလက်ဖက်ရည်ဆိုင်အနီးမှာ ဖမ်းမိခဲ့ပြီး ဆန်းလင်းကိုတော့ မိတ္ထီလာမြို့နယ် သာစည်လေးရွာက နေအိမ်မှာ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တာပါ။ အဆိုပါ ကျောင်းသား ၅ ဦးဟာ စက်တင်ဘာလ ၁၃ ရက်နေ့က ‘ရခိုင်ပြည်ကြီး ငြိမ်းချမ်းပါ စေ၊ ပြည်တွင်းစစ်ကို ဆန့်ကျင်ကြ၊ ရခိုင်မှာ သွေးစက်ကျနေသရွေ့ ပြည်ထောင်စုက သွေးအိုင်ထဲမှာ မျောနေမှာပါ၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ၊၊ ရခိုင်နှင့် ချင်းပြည်နယ်အတွင်း 4G အင်တာနက်လိုင်း ချက်ချင်းပေး၊ Stop War; Save Arakan မတရား အဖမ်းဆီးခံကျောင်းသားများ ချက်ချင်းလွှတ်စတဲ့ စာသားတွေပါတဲ့ စတေကာတွေကပ်တာ၊ ဖြန့်ဝေတာတွေကို မိတ္ထီလာမြို့ပေါ်မှာ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။  သဲမိုးဦး အပါအဝင် ၅ ဦးကို တပ်မတော်အား ပုန်ကန်မှုဖြစ်စေရန်၊ လေးစားမှုပျက်ပြားစေရန် ကောလာဟလလ ထုတ်ပြန်ခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ ပြည်သူတွေ အထိတ်တလန့်ဖြစ်စေအောင် သွေးထိုးလှုံ့ဆော်ခြင်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)/၅၀၅(ခ) တို့နဲ့ မြို့နယ်တရားရုံးမှာ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုလုပ်ပြီး  ဦးတိုက်လျှောက်ထား အမှုဖွင့်ခဲ့တာပါ။ သတင်း-မောင်မောင်လင်း
1 year Ago
Up