မိတ်ဆက် (ရုပ်သံ)

September 16, 2017

ဗင်နီဇွဲလားတွင် ငတ်မွတ်မှုတိုက်ဖျက်ရေး အစီအစဉ်သစ်အဖြစ် ယုန်မွေးမြူရေး မိတ်ဆက် (ရုပ်သံ)

ဗင်နီဇွဲလားနိုင်ငံမှာ ငတ်မွတ်ခေါင်းပါးမှုကို တိုက်ဖျက်ဖို့ အစီအစဉ်သစ်အနေနဲ့ ယုန်မွေးမြူရေးကို မိတ်ဆက်လိုက်ပါတယ်။ ယုန်တွေကို ချစ်စရာ အိမ်မွေးတိရစ္ဆာန်ဆိုတဲ့အမြင်ထက် ပိုပြီး ရှုမြင်ကြဖို့ အစိုးရက နိုင်ငံသားတွေကို ဒီသီတင်းပတ်ထဲမှာ တိုက်တွန်းခဲ့တာပါ။ အတိုက်အခံတွေကတော့ ဒီအစီအစဉ်ဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုကို အဆုံးသတ်ဖို့ ဘာမှတတ်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။ အာဏာပိုင်တွေကတော့ ပြည်သူတွေကို သူတို့အိမ်ခေါင်မိုးတွေနဲ့ ဝရံတာတွေမှာ စားပင်သီးပင်တွေကို စိုက်ပျိုးဖို့ သင်ပေးခဲ့ကြပါတယ်။ "ယုန်တကောင်ဟာ ကိုလက်စထရောမပါဘဲ ပရိုတိန်းပါဝင်နှုန်း မြင့်တဲ့ အသား ၂ ကီလိုခွဲကို ပေးတယ်၊ ယုန်ဟာ အိမ်မွေးတိရစ္ဆာန်သက်သက် မဟုတ်ဘူးဆိုတာ ပြည်သူတွေက နားလည်လာအောင် ရေဒီယို၊ စာနယ်ဇင်းနဲ့ ရုပ်သံ လှုံ့ဆော်လှုပ်ရှားမှုတွေ လုပ်ရမယ်၊ နေရာတိုင်းမှာ ကာတွန်းတွေကပ်ရမယ်" လို့ မြို့ပြစိုက်ပျိုးရေးဝန်ကြီး ဖရက်ဒီ ဘာနယ်က ပြောပါတယ်။ ဒီအတွေးအခေါ်ဟာ အမြီးအမောက် မတည့်ဘူး၊ ရေနံစိမ်းဈေးကွက် ပြိုကျအပြီး ရပ်တည်နိုင်စွမ်းမရှိတဲ့ ရေနံကနေ ဘဏ္ဍာငွေရတဲ့ ဆိုရှယ်လစ်ဝါဒ မအောင်မြင်မှုကမှ တကယ့် ပြဿနာလို့ သမ္မတ မာဒူရိုရဲ့ ပြိုင်ဘက်တွေက အခိုင်အမာ ပြောပါတယ်။ မာဒူရိုကတော့ သူ့နိုင်ငံဟာ ပြိုင်ဘက်တွေဦးဆောင်တဲ့ စီးပွားရေးစစ်ပွဲရဲ့ သားကောင်ဖြစ်နေတယ်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လတ်တလော ချမှတ်တဲ့ ဒဏ်ခတ်မှုက မီးလောင်ရာ ဆီလောင်းသလို ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ယုန်သားစားတာဟာ ဥရောပမှာ ပုံမှန်ဖြစ်ပေမယ့် အမေရိကန်မှာတော့ နည်းပါးပါတယ်။ ယုန်ဟာ ဝက်နဲ့ ကျွဲနွားတို့ထက် ပိုပြီး ထိရောက်မှုရှိတဲ့ ပရိုတိန်းဓာတ် ကြွယ်ဝတဲ့ စားနိုင်တဲ့အသား ဖြစ်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ကြီး (FAO) က ပြောပါတယ်။
4 years Ago
Up