မိခင်၏ကျန်းမာရေး

March 4, 2020

မိခင်၏ကျန်းမာရေးကြောင့် ရော်နယ်ဒို မွေးရပ်မြေသို့ပြန်

မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ မွေးရပ်မြေကို ပြန်သွားရပါတယ်။ ရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဒိုလိုရက်စ်အဗိုင်ရိုဟာ လေဖြတ်တာလို့ ယူဆရတဲ့ ရောဂါအခြေအနေတခုကြောင့် မတ် ၂ ရက်က ‌ဆေးရုံကို အလျင်အမြန် ပို့ဆောင်လိုက်ရပါတယ်။ ရော်နယ်ဒိုရဲ့ မိခင်ဟာ ဒေါက်တာနီလီယိုမန်ဒွန်ကာဆေးရုံကို ရောက်ရှိနေပြီး စမ်းသပ်မှုတွေ လုပ်ဆောင်ဖို့အတွက် စစ်ဆေးမှုတွေ ခံယူနေရပြီး သွေးလွှတ်ကြောအတွင်း သွေးခဲမှုအတွက် ကုသမှုခံယူခဲ့ရကာ ဆေးရုံမှာ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ခွင့်ရက်ရရှိထားတာကြောင့် ပေါ်တူဂီကျွန်းကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ခရီးသွားနေစဉ်မှာ မွေးရပ်မြေကို ပြန်ခဲ့ရတာပါ။ သူဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးရီးအေပွဲစဉ်တွေ ရွှေ့ဆိုင်းခဲ့ပြီးနောက် အသင်းဟောင်း ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အယ်လ်ကလက်စီကိုပွဲစဉ်ကို မတ် ၁ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ပါတယ်။  ဒီရက်မှာ ဂျူဗင်တပ်စ်အသင်းဟာ အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပေမယ့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ပွဲကို ရွှေ့ဆိုင်းလိုက်ရပါတယ်။  ရော်နယ်ဒိုဟာ အေစီမီလန်အသင်းနဲ့ ကိုပါအီတလီယာဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့အတွက် ပြင်ဆင်ဖို့ မတ် ၄ ရက်နေ့မှာ ဂျူဗင်တပ်စ်အသင်းနဲ့ ပူးပေါင်းဖို့ ရှိနေပေမယ့် မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဒီပွဲမှာ ပါဝင်ဖို့ မသေချာတော့ပါဘူး။ ရော်နယ်ဒိုရဲ့မိခင်ဖြစ်သူဟာ အရင်တုန်းကတည်းက ကျန်းမာရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး ကင်ဆာရောဂါအတွက် ကုသမှု နှစ်ကြိမ် ခံယူခဲ့ရပါတယ်။  ရော်နယ်ဒိုရဲ့ ကစားသမားဘဝ စတင်ရာ စပို့တင်းလစ္စဘွန်းအသင်း အပါအဝင် သူ့ပရိသတ်တွေက မိခင်ဖြစ်သူ ကျန်းမာရေး အမြန်ဆုံး ကောင်းမွန်လာဖို့ လူမှုကွန်ရက်ကနေ ဆုတောင်းပေးနေကြပါတယ်။
2 years Ago
Up