မိခင်တဦး

September 13, 2020

ပြင်သစ်ကလေး မိခင်တဦးကို အဓမ္မပြုခံရမှု ဥပဒေနှင့်အညီအရေးယူပေးရန် ပါကစ္စတန်တွင် ဆန္ဒပြ 

ပါကစ္စတန်နိုင်ငံ လာဟိုး၊ ကရာချိနဲ့ ပဲ့ရှ်ဝါမြို့တွေအပါအဝင် မြို့ကြီးအတော်များများမှာ စက်တင်ဘာ ၁၂ ရက်က ဒုတိယမြောက်နေ့အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။  အဝေးပြေးလမ်းပေါ်မှာ သားသမီးတွေနဲ့အတူ ခရီးသွားနေတဲ့ မိခင်တယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုအတွက် စုံစမ်းစစ်ဆေးရာမှာ တရားဥပဒေနဲ့အညီ ကိုင်တွယ်ဖို့ တောင်းဆိုဆန္ဒပြ နေကြတာပါ။ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးဟာ သားသမီး ၂ ယောက်နဲ့အတူ စက်တင်ဘာ ၈ ရက်ညက လာဟိုးမြို့အပြင်ဘက်မှာ ကားမောင်းနေတုန်း သူ့ကားဓာတ်ဆီ ကုန်သွားခဲ့တာလို့ ရဲက ပြောပါတယ်။  သူက ကူညီဖို့ ရဲတွေ ဖုန်းဆက်ခဲ့ပေမယ့် ရဲတွေ ရောက်မလာခင် ယောက်ျား ၂ ယောက်က သူနဲ့ ကလေး ၂ ယောက်ကို သေနတ်ထောက် ကားပေါ်က ဆင်းခိုင်းအပြီး အဝေးပြေးလမ်းဘေးမှာ အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။  သံသယရှိသူတွေ ဘယ်သူဘယ်ဝါဆိုတာ မျိုးဗီဇ ခြေရာကောက်စနစ်ကတဆင့် ရဲတွေက ဖော်ထုတ်ပြီးပြီလို့ ပန်ဂျပ်ပြည်နယ် ရဲအုပ်က သတင်းထောက်တွေကို  ပြောပါတယ်။  ဒါပေမယ့် ဆန္ဒပြသူတွေက မကျေနပ်ဘဲ အမှုလိုက်ဖို့ တာဝန်ကျတဲ့ စုံစမ်းစစ်ဆေးရေး ရဲခေါင်းဆောင် အိုမာရှိတ်ခ်ကို တာဝန်က ထုတ်ပယ်ဖို့ တောင်းဆိုခဲ့တာပါ။  သူက “အပြုကျင့်ခံအမျိုးသမီးကို အပြစ်တင်ခဲ့ပြီး လောင်စာဆီ လုံလောက်ရဲ့လားဆိုတာ စစ်ဆေးခဲ့သင့်တယ်။ ညဘက် ခရီးမထွက်သင့်သလို လူပိုစည်ကားတဲ့အဝေးပြေးလမ်းကို သုံးခဲ့ သင့်တယ်” လို့ အပြစ်တင်ခဲ့လို့ပါ။  ဒါ့အပြင် ပါကစ္စတန်ကို ပြင်သစ်လိုအမျိုးသမီးတွေအတွက် ဘေးကင်းတဲ့ နေရာလို့ ထင်နေပုံ ပေါ်တယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။  သူ့ မှတ်ချက်နဲ့ပတ်သက်ပြီး အစ္စလာမ်မာဘတ်မြို့မှာရှိတဲ့ ပြင်သစ်သံရုံးကို မှတ်ချက်ပေးဖို့ တောင်းဆိုပေမယ့် အဖြေမရသေးပါဘူး။  အစ္စလာမ်မာဘတ်မြို့မှာတော့ ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ ပြင်သစ်အလံတွေ ဝှေ့ယမ်းရင်း စုရုံးခဲ့ပါတယ်။  မုဒိမ်းသမားတွေကို ကြိုးပေးကွပ်မျက်ပါလို့ ရေးထားတဲ့ဆိုင်းဘုတ်တွေကိုလည်း ကိုင်စွဲခဲ့ကြပါတယ်။ 
1 year Ago
Up