မိခင် သေဆုံး

August 5, 2018

မီးလောင်တိုက်ခန်းမှ ကလေး ၂ ဦးကို ကယ်တင်ခဲ့သည့်မိခင် သေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် ရှုချန်းမြို့မှာ သြဂုတ် ၃ ရက်နေ့က တိုက်ခန်းမီးလောင်မှုအတွင်း သတ္တိခဲ မိခင်တဦးဟာ ကလေး နှစ်ဦးကို ကယ်တင်ပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ မနက် ၇ နာရီ ဝန်းကျင်က တိုက်ခန်း ၅ လွှာမှာ မီးလောင်မှုဖြစ်ခဲ့ချိန် တိုက်ခန်းအတွင်း မိခင်နဲ့ကလေးနှစ်ဦးဟာ အိပ်မောကျနေပါတယ်။ သူတို့ နိုးလာတဲ့ အခါမှာတော့ ထွက်ပြေးဖို့ သိပ်ကို နောက်ကျခဲ့ပါတယ်။ အဲဒီအတွက် မိခင်ဖြစ်သူဟာ ပြတင်းပေါက်ကနေ ပတ်ဝန်းကျင်ကို အကူအညီ တောင်းခံခဲ့ပြီး အိပ်ယာခင်းကို ပစ်ချခဲ့ပါတယ်။ အဲဒီနောက် အရင်ဆုံး ၉ နှစ်အရွယ် သားကို ပြတင်းပေါက်ကနေ အောက်ကလူတွေ ကိုင်ထားတဲ့ အိပ်ယာခင်းပေါ် ပစ်ချခဲ့ပြီး နောက် ၃ နှစ်အရွယ် သမီးငယ်ကိုလည်း ပစ်ချခဲ့ပါတယ်။ အဲဒီလို အိပ်ယာခင်းပေါ် ပစ်ချခဲ့တာကြောင့် ကလေးနှစ်ဦးဟာ ဒဏ်ရာတွေ ရခဲ့ပေမယ့် အသက်အန္တရာယ်က လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် သားသမီးနှစ်ဦးကို ကယ်တင်ခဲ့တဲ့ မိခင်ဟာ ခြေကုန်လက်ပန်းကျပြီး ပြတင်းပေါက်ကနေ ခုန်ချနိုင်ခဲ့ခြင်း မရှိပါဘူး။ မီးသတ်သမားတွေဟာ သူ့ကို ပြတင်းပေါက်ဘေးမှာ သတိလစ်လဲကျနေတာတွေ့ခဲ့ပြီးနောက် ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up