မိခင်အလောင်းကို

April 8, 2018

မိခင်အလောင်းကို ရေခဲသေတ္တာထဲ ၃ နှစ်ကြာ ထည့်ထားသည့် အိန္ဒိယအမျိုးသား ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့မှာ အမျိုးသားတဦး မိခင်အလောင်းကို ရေခဲသေတ္တာထဲ ၃ နှစ်ကြာထည့်ထားလို့ ဖမ်းဆီးလိုက်တယ်လို့ ရဲတွေက ပြောပါတယ်။ ဖမ်းခံရသူ ဆက်ဟာဘရာတာမာဂျမ်ဒါက အလောင်းကို ဓာတုပစ္စည်းတွေနဲ့ ဆေးစိမ်ပြီး တာရှည်ခံအောင် လုပ်ထားပုံရတယ်လို့ ကာလကတ္တားရဲက ပြောပါတယ်။ ဒီအမျိုးသား မိခင်အလောင်းကို သိမ်းဆည်းထားတာက မိခင်ရဲ့ ပင်စင်ကိုရအောင် လုပ်ခဲ့တာလားဆိုတာကို ရဲတွေက စုံစမ်းနေပြီး အကယ်၍ မိခင်အလောင်းကို တာရှည်ခံအောင် လုပ်ထားရင် မိခင်ပြန်လည် မွေးဖွားလာမယ်လို့ အမျိုးသားက ယူဆနေပုံရတယ်လို့လည်း ရဲတွေက ဆိုပါတယ်။ “ဂျာနယ်တော်တော်များများထဲမှာလည်း လူသေအလောင်းတွေကို ဆေးစိမ်တာရှည် ခံအောင်လုပ်ပြီး ပြန်လည်မွေးဖွားဖို့ သိမ်းဆည်းကြတယ်ဆိုတာမျိုးတွေ ကျနော်တို့ တွေ့တယ်” လို့ ရဲအရာရှိက ဘီဘီစီကို ပြောပါတယ်။ ဧပြီ ၄ ရက်နေ့က အမည်မသိ လူတယောက် တယ်လီဖုန်းနဲ့ ကျနော်တို့ကို သတင်းပေးလို့ အဲ့ဒီအိမ်ကို ရှောင်တခင် ဝင်စစ်ဆေးကြတာလို့ ရဲအရာရှိတွေက ပြောပါတယ်။ “ရေခဲသေတ္တာကြီးထဲမှာ အမျိုးသမီးအလောင်းကို ကျနော်တို့ တွေ့တယ်။ ဓာတုပစ္စည်းတချို့နဲ့ ဆေးစိမ်ထားတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်း အမျိုးမျိုး ထည့်ထားတဲ့ ကရားတွေလည်း တွေ့တယ်” လို့ ရဲက ပြောပါတယ်။ ဖမ်းခံရသူက သားရေပညာရှင်အနေနဲ့ အလုပ်လုပ်တာကြောင့် ဓာတုပစ္စည်းတွေ ထားရှိခွင့်ရနေပြီး အလောင်းကို ဆေးစိမ်ဖို့ အဆင်ပြေသွားတာလို့ ရဲကပြောပါတယ်။ မစ္စတာ မာဂျမ်ဒါရဲ့ မိခင် ၂၀၁၅ ခုနှစ် ဧပြီလမှာ သေဆုံးချိန် မိသားစုက အလောင်းကို မီးမရှို့ဘဲ ရေခဲမုန့်တွေထားဖို့ သုံးတဲ့ ရေခဲသေတ္တာကြီးထဲ ထည့်ထားဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့ကြပါတယ်။ မစ္စတာမာဂျမ်ဒါရဲ့ မိဘ ၂ ပါးစလုံးက ပင်စင်စားတွေဖြစ်လို့ လစဉ် ပင်စင်လခ ရတယ်၊ အကယ်၍ ပင်စင်စား သေသွားခဲ့ရင်တော့ ပင်စင်ထုတ်လို့ မရပါဘူး။ ဒါပေမယ့် အမျိုးသမီးကြီး သေဆုံးပြီးကတည်းက ပင်စင်ကို ပုံမှန်ထုတ်တယ်လို့လည်း ရဲတွေက ပြောပါတယ်။ ဖခင်ဖြစ်သူကိုလည်း မေးမြန်းဖို့ ရဲစခန်းက ခေါ်ထားတယ်လို့ ဘီဘီစီသတင်းမှာ ဧပြီလ ၆ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up