ဘရာဇီး ကလေးငယ်တဦးဟာ မိခင်ဝမ်းဗိုက်ထဲမှာရှိစဉ် ဘယ်ကလာမှန်းမသိတဲ့ သေနတ်ကျည်ဆန် ထိမှန်ခဲ့ပေမယ့် ဆန်းကြယ်စွာ အသက်ရှင်ခဲ့တယ်လို့ ဘီဘီစီရဲ့ ဇူလိုင် ၄ ရက်နေ့ သတင်းမှာ ရေးထားပါတယ်။
ကလေးငယ်ရဲ့ အသက်ရှင်မှုကို လျှို့ဝှက်ဆန်းကြယ်မှု တခုအဖြစ် လူတွေက ယူဆနေကြပြီး ကလေးရဲ့ မိသားစုဝင်တွေက တနေ့မှာ ကလေးဟာ ရရှိတဲ့ဒဏ်ရာတွေကနေ ပြန်လည်ကောင်းမွန်ပြီး လမ်းလျှောက်လာနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနဲယိုပြည်နယ်ရှိ ရီယိုဒီဂျနဲယိုမြို့စွန် တနေရာက ဖဲဗယ်လာရပ်ကွက်မှာ ဇွန်လ ၃၀ ရက်နေ့က သေနတ်ပစ်ခတ်မှုတခုအတွင်း ကလေးပစ္စည်းထွက်ဝယ်တဲ့ ကိုယ်ဝန် ၉ လ ဆောင်ထားရသူ အသက် ၂၈ နှစ်အရွယ် ကလော်ဒီနီရာဒိုစ်ဆန်တိုစ် သေနတ်ပစ်ခတ်ခံခဲ့ရတာပါ။
ဒါကြောင့် သူမကို အရေးပေါ်ခွဲစိတ်ပြီး အော်သာဆိုတဲ့ ကလေးငယ်ကို မွေးဖွားခဲ့ပေမယ့် ကလေးငယ်က အောက်ပိုင်းသေနေတယ်လို့ ဆိုပါတယ်။
မိသားစုဝင်တွေကတော့ ကလေးငယ် ပြန်ကောင်းလာမယ်လို့ မျှော်လင့်နေကြပါတယ်။
ကလေးရဲ့ဖြစ်စဉ် တိုးတက်မှုကို စောင့်ကြည့်ကုသနေတဲ့ ဆရာဝန် ဂျိုဆီကာလို့စ်အိုလစ်ဗီယာက ကလေးရဲ့ အသက်ရှင်မှုကို “ကျနော်တို့မျက်စိရှေ့မှာဖြစ်တဲ့ လျှို့ဝှက်ဆန်းကြယ်မှု” လို့လည်း ပြောပါတယ်။
“ဒီနေ့မှာ ကလေးက အောက်ပိုင်းသေနေတယ်၊ ဒါပေမယ့် ကလေးရဲ့ဘဝမှာ ဘာမဆိုဖြစ်နိုင်တယ်၊ ဒီလိုအဖြစ်မျိုး တခါမှ မတွေ့ဖူးဘူး" လို့ ဆရာဝန်က ပြောပါတယ်။
ကလေးမိခင်ရဲ့ အစ်ကိုဖြစ်သူ လီယိုနာဒို ဒို့စ်ဆန်တို့စ်က ကလေးအတွက် မျှော်လင့်ချက်ရှိကြောင်း ဘရာဇီးရှိ ဘီဘီစီသတင်းဌာနကို ပြောပါတယ်။
“ကျနော်ကတော့ ကလေး သန်သန်မာမာ ကြီးပြင်းလာပြီး လမ်းလျှောက်၊ မိသားစုနဲ့ ပြေးလွှားဆော့ကစားတာ မြင်ချင်ပါတယ်။ ဆွေမျိုးတွေအားလုံးကတော့ သူ့အတွက် ဆုတောင်းပေးနေကြတယ်” လို့ ပြောပါတယ်။
6 years Ago