မားစ်ရောဂါကြောင့် တောင်ကိုရီးယားတွင် လူတဦး ထပ်မံသေဆုံး

July 4, 2015

ထိုင်းတွင် မားစ်ကူးစက်ခံ အိုမန်အမျိုးသား ရောဂါပျောက်ကင်းပြီး နေရပ်ပြန်

ထိုင်းနိုင်ငံမှာ တဦးတည်းသော မားစ်ရောဂါလူနာ ဖြစ်တဲ့ အိုမန် နိုင်ငံသား အမျိုးသားဟာ  လုံးဝ သက်သာ ပျောက်ကင်းသွားလို့ ဆင်းရုံက ဆင်းပြီး ပြည်တော် ပြန်သွားပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။ အသက် ၇၅ နှစ်အရွယ် အိုမန် အမျိုးသားဟာ နှလုံးရောဂါ ကုဖို့ ဘန်ကောက်ကို ရောက်ပြီးတော့မှ မားစ်ရောဂါ လူနာအဖြစ် စမ်းသပ်တွေ့ရှိခဲ့ရတာပါ။ ဒီတပတ် အစောပိုင်းကတည်းက ရောဂါ ကင်းရှင်းပြီလို့ ကြေညာနိုင်ခဲ့ပေမယ့် သူ့ကိုရော၊ သူနဲ့ အတူ လိုက်လာတဲ့ ဆွေမျိုးသုံးယောက်ကို ၁၀ ရက်ကြာ စောင့်ကြည့်နေခဲ့တာပါ။ အခုတော့ ရောဂါ လုံးဝ ပျောက်ကင်းပြီ ဖြစ်လို့ ဇူလိုင် ၃ ရက်နေ့ ဆေးရုံက ဆင်းပြီး ညမှာ အိုမန်ကို ပြန်မယ်လို့  ထိုင်းကျန်းမာရေး ၀န်ကြီးက ပြောပါတယ်။ အိုမန် အမျိုးသားကြီးက လွဲလို့  ထိုင်းမှာ နောက်ထပ် ကူးစက်သူ မရှိဘူးလို့ ကျန်းမာရေး ၀န်ကြီး Rajata Rajatanavin  က ဇူလိုင် ၃ ရက်နေ့ သတင်းထောက်တွေကို ပြောပါတယ်။ မားစ်ရောဂါသည် အမျိုးသားနဲ့ ဆက်ဆံဖူးတာကြောင့် စောင့်ကြည့်နေတဲ့ လူ ၁၇၆ ယောက်လုံးမှာလည်း မားစ်ရောဂါ ကူးစက်တဲ့ လက္ခဏာ မတွေ့ရဘူးလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ ဒီနှစ်အတွင်း အာရှမှာ မားစ်ရောဂါ ကူးစက်တဲ့ စတုတ္ထနိုင်ငံဖြစ်ပါတယ်။ တောင်ကိုရီးယားမှာတော့ မားစ်ရောဂါ ကူးစက်သူ ၁၈၄ ယောက်နဲ့  သေဆုံးသူ ၃၃ ယောက် ဖြစ်လို့ ဆော်ဒီ အာရေးဗီးယားပြီးရင် အဆိုးဆုံး ဖြစ်ပါတယ်။
6 years Ago

July 3, 2015

တောင်ကိုရီးယားတွင် မားစ်ရောဂါကူးစက်သူ တဦးထပ်တိုး

တောင်ကိုရီးယားနိုင်ငံမှာ မားစ်ရောဂါ ကူးစက်သူ  ၄ ရက်ဆက်တိုက် ထပ်မတိုးဘဲ ရပ်တန့်နေရာက ၅ ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂ ရက်နေ့မှာ လူနာတယောက် ထပ်တိုးတဲ့အတွက် မားစ်ရောဂါ လူနာ ၁၈၃ ဦး ဖြစ်သွားပါတယ်။ ဒါပေမ့ယ် သေဆုံးသူဦးရေကတော့ ၃၃ ဦးကနေ ထပ်မတိုးဘူးလို့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးက နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကုသမှုခံယူနေတဲ့ လူနာ ၃၆ ဦးရဲ့ အခြေအနေက တည်ငြိမ်နေပေမယ့် ၁၂ ဦးရဲ့ အခြေအနေကတော့ မတည်ငြိမ်ဘူးလို့ ပြောပါတယ်။ ဇူလိုင် ၂ ရက်နေ့အထိ ကုသမှု ခံယူနေတဲ့ လူနာ ၄၈ ဦးရှိပြီး ၁၀၂ ဦးကတော့ ဆေးရုံပေါ်က ဆင်းသွားပြီလို့ ပြောပါတယ်။ အခု နောက်ဆုံးလူနာကတော့ အသက် ၂၄ နှစ်အရွယ် သူနာပြုဖြစ်ပြီး ဆမ်ဆောင်းဆေးရုံမှာ ရောဂါသံသယရှိသူတွေကို စောင့်ရှောက်ပေးနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆမ်ဆောင်းဆေးရုံမှာ အရင်ကလည်း ဆေးရုံဝန်ထမ်းတဦး မားစ်ရောဂါ ကူးစက်ခံထားရပေမယ့် ၂ ရက်ခွဲလောက် အလုပ်တွေ ဆက်လုပ်နေခဲ့ပြီး လူ ၉၀၀ လောက်နဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ ကိစ္စ ရှိခဲ့ဖူးပါတယ်။ အဲဒီနောက်မှာ ဆေးရုံကို ပိတ်ထားရတဲ့ အခြေအနေထိ ဖြစ်ခဲ့ပါတယ်။
6 years Ago
Up