မာ့ခ်ဇူကာဘတ် ပြော

February 16, 2020

အင်တာနက်ပေါ်က အကြောင်းအရာများကို ထိန်းချုပ်ကြပ်မတ်သင့်ဟု မာ့ခ်ဇူကာဘတ် ပြော

အင်တာနက်ပေါ်က အကြောင်းအရာတွေကို တယ်လီကွန်နဲ့ မီဒီယာလုပ်ငန်းတွေအတွက် သုံးတဲ့ လက်ရှိစည်းမျဉ်းတွေနဲ့ ကိုက်ညီတဲ့ စနစ်တရပ်နဲ့ ထိန်းချုပ်ကြပ်မတ်သင့်တယ်လို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ လုံခြုံရေး အကြီးအကဲတွေကို ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောပါတယ်။ ဂျာမနီနိုင်ငံ မြူးနစ်ချ်မြို့မှာ နှစ်စဉ် ကျင်းပတဲ့ ၅၆ ကြိမ်မြောက် လုံခြုံရေးညီလာခံအတွင်း ဇူကာဘတ်က ပြောလိုက်တာပါ။ ဖေ့စ်ဘွတ်ခ်ဟာ အွန်လိုင်းပေါ်က ရွေးကောက်ပွဲ အဟန့်အတားတွေကို တိုက်ဖျက်ရေး ပိုတိုးလုပ်နေပြီး လူမှုကွန်ရက်လုပ်ငန်းတွေကို စည်းကမ်းကြပ်မတ်ဖို့ အရင်ကတည်းက တောင်းဆိုခဲ့ပြီး ခုလည်း ပိုကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေဆဲလို့ သူက ပြောပါတယ်။ “အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေအပေါ် စည်းကမ်းကြပ်မတ် အရေးယူသင့်တယ်လို့ တကယ့်ကို ထင်တယ်။ ဒီအတွက် ဘယ်လို ကန့်သတ်ချက်ကို သုံးမလဲဆိုတာ မေးခွန်းထုတ်စရာ ရှိတယ်။ လောလောဆယ်မှာ မီဒီယာနဲ့ သတင်းစာအပေါ်ပဲ ကန့်သတ်ချက် နှစ်ရပ် ရှိနေတယ်။ တယ်လီဖုန်းကနေတဆင့် အန္တရာယ်ရှိတဲ့ တခုခုပြောခဲ့ရင် တယ်လီဖုန်းလုပ်ငန်းက တာဝန်ရှိမနေဘူး။ ဒီနေရာ နှစ်ဖက်ကြား ကျနော်တို့က ဘယ်နားမှာ ရှိသင့်လဲဆိုတာ ကျနော် တကယ် စဉ်းစားတယ်” လို့ ဇူကာဘတ်က ပြောပါတယ်။  ဖေ့စ်ဘွတ်ခ်၊ တွစ်တာနဲ့ ဂူဂယ် အင်တာနက်လုပ်ငန်းကြီးတွေဟာ အခြေအနေမှန်ကနေ လမ်းလွှဲပေးတဲ့သတင်းတွေ သတင်းတုတွေကို ဖြန့်ဖို့ အစိုးရနဲ့ နိုင်ငံရေးအုပ်စုတွေက လူမှုကွန်ရက်တွေအပေါ် အသုံးချတာကို ပိုကောင်းကောင်း တိုက်ဖျက်ဖို့ ပိုဖိအားပေးခံနေရပါတယ်။ လောလောဆယ်မှာ လုံခြုံရေး လုပ်ဆောင်ချက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ အွန်လိုင်းပေါ်က အကြောင်းအရာတွေကို သုံးသပ်ဖို့ ဝန်ထမ်း အယောက် ၃ သောင်းခွဲ ခန့်ထားတယ်လို့ ဇူကာဘတ်က ပြောပါတယ်။ ဒီအဖွဲ့တွေနဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ အလိုအလျောက် နည်းပညာတို့ ပူးပေါင်းပြီး နေ့စဉ် ဖေ့စ်ဘွတ်ခ် အကောင့်တု ၁ သန်းကျော်ကို ရပ်ဆိုင်းနေတယ်လို့လည်း ဇူကာဘတ်က ပြောပါတယ်။ ဒီအကောင့်အတု အများစုကို အကောင့်စဖွင့်တဲ့ မိနစ်ပိုင်းအတွင်း ထောက်လှမ်း သိရှိခဲ့တယ်လို့လည်း ဇူကာဘတ်က ပြောခဲ့ပါတယ်။
1 year Ago
Up