မာ့ခ်ဇူကာဘတ်

April 5, 2018

သုံးစွဲသူများ၏ အချက်အလက် ပေါက်ကြားမှုအတွက် မာ့ခ်ဇူကာဘတ် စစ်ဆေးခံရမည်

သုံးစွဲသူတွေရဲ့ အချက်အလက် ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်အမှုဆောင်ချုပ် မာ့ခ်ဇူကာဘတ်ဟာ လာမယ့်တပတ် လွှတ်တော်ကော်မတီကြားနာမှုမှာ အစစ်ဆေးခံရဖို့ ရှိပါတယ်။ နိုင်ငံရေးအတိုင်ပင်ခံ ကုမ္ပဏီတခုဖြစ်တဲ့ ကိမ်းဘရစ်အနယ်တီကာ ကုမ္ပဏီကို ဖေ့စ်ဘွတ်ခ်က သုံးစွဲသူ ၈၇ သန်းနီးပါးရဲ့ အချက်အလက်တွေ မလျော်မကန် မျှဝေခဲ့မိတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့ နည်းပညာဆိုင်ရာ အကြီးအကဲက ပြောကြားလိုက်ပါတယ်။ ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၈၇ သန်းရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ပေါက်ကြားခဲ့တယ်ဆိုတဲ့ သတင်းကို ဖေ့စ်ဘွတ်ခ် နည်းပညာဆိုင်ရာ အကြီးအကဲ မိုက်ခ်စခိုဖာက အင်တာနက် စာမျက်နှာ်တခုမှာ ရေးသားဖော်ပြလိုက်တာပါ။ အချက်အလက်ပေါက်ကြားမှု ပမာဏကို ဖေ့စ်ဘွတ်ခ်က ဘယ်လိုခန့်မှန်း တွက်ချက်ခဲ့တယ်ဆိုတဲ့ အသေးစိတ်ကို စခိုဖာက မပြောခဲ့ပေမယ့် ဖေ့စ်ဘွတ်ခ်ဟာ လူတွေရဲ့ အချက်အလက်ကို ကိမ်းဘရစ်အနယ်တီကာဆီ မမှန်မကန် လွှဲပြောင်းတာ ရှိခဲ့မယ်ဆိုရင် သုံးစွဲသူတွေကို ပြောမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဖေ့စ်ဘွတ်ခ်ဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဗြိတိန် နိုင်ငံရေးအကြံပေးကုမ္ပဏီ ကိမ်းဘရစ်အနယ်တီကာဆီ မျှဝေခဲ့ပြီး ကိမ်းဘရစ်အနယ်တီကာဟာ အဲဒီအချက်အလက်တွေကို  သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ၂၀၁၆ မဲဆွယ်ပွဲအတွက် သုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေတာပါ။ ကိမ်းဘရစ်အနယ်တီကာ ကုမ္ပဏီ အမှုဆောင်ချုပ်ကတော့ အချက်အလက်တွေကို ယူခဲ့တာ တရားဝင်နည်းလမ်းအတိုင်း ဖြစ်တယ်လို့ အခုလိုပြောပါတယ်။ ကျနော်တို့သုံးမယ့်ပုံစံအတိုင်း ဖေ့စ်ဘွတ်ခ်က ချမှတ်ထားတဲ့ ဘောင်ထဲကနေ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းခဲ့တာဆိုပြီး အများလေးစားတဲ့ ပညာရှင်တယောက်က ကျနော်တို့ဆီ ချဉ်းကပ်လာခဲ့တာပါ။ အဲဒီလူနဲ့ ကျနော်တို့ကုမ္ပဏီက သုတေသနလုပ်ဖို့ စာချုပ်ချုပ်ခဲ့တယ်။ လူ လေးသောင်းနီးပါးလောက် ပါဝင်မယ့် စစ်တမ်းကောက်ယူမယ့် သုတေသနပါ။ အမြင်သဘောထား စစ်တမ်းမျိုးပေါ့။ အချက်အလက် ယူတာကလည်း ဒေါက်တာဒိုဂန်လုပ်မယ့် စစ်တမ်းအတွက် စစ်တမ်းမှာဖြေမယ့်လူတွေက သူတို့အချက်အလက်တွေ ပေးပါတယ်လို့ သဘောတူညီချက်လည်း ပါပါတယ်။ သူတို့ အချက်အလက်တွေရော သူတို့ သူငယ်ချင်းတွေရဲ့ အချက်အလက်တွေရောပေါ့။ "ဒီတော့ ပြောရရင် ဒီစစ်တမ်းကို ဒေါက်တာဒိုဂန်က လုပ်ခဲ့တာပါ။ ပြီးတော့ သူစုဆောင်းထားတဲ့ အဲဒီအချက်အလက်တွေကို သူက ကျနော်တို့လိုချင်တဲ့ပုံစံနဲ့ ပို့လာပါတယ်။ ပြီးတော့ အဲဒီပုံစံကိုပဲ အခြေခံပြီး ဒီလူတွေဆီ ကိုယ်ပေးချင်တဲ့ အချက်အလက် ထဲထဲဝင်ဝင်ရောက်အောင် ဘယ်လိုလုပ်မလဲဆိုပြီး ကျနော်တို့ စဉ်းစားခဲ့ကြတာပါ။ ဒီတော့ ကျနော်နားလည်တာက ဒေါက်တာဒိုဂန်က သူ့စစ်တမ်းမှာဖြေမယ့် လူတွေရဲ့ အချက်အလက်ကို ယူပါမယ်လို့ အစောပိုင်းတည်းက သဘောတူညီချက် ယူခဲ့ပြီးသားပါလို့ ကိမ်းဘရစ်အနယ်လ်တီကာ ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် အလက်ဇန်းဒရားနစ်က်စ်က ရှင်းပြသွားပါတယ်။ ဖေ့စ်ဘွတ်ခ်ကတော့ ခွင့်ပြုထားတဲ့ အပလီကေးရှင်းတွေဆီ သုံးစွဲသူတွေရဲ့ အချက်အလက် မရောက်အောင် လုံခြုံရေးတိုးလုပ်သွားမယ်လို့ ပြောထားပါတယ်။
3 years Ago
Up