မာ့ခ်ဇတ်ကာဘတ်ဂ်

May 19, 2017

မာ့ခ်ဇတ်ကာဘတ်ဂ်၏ ဟားဗတ်တက္ကသိုလ်ဝင်ခွင့်ရခဲ့ချိန် အခိုက်အတန့် မှတ်တမ်းရုပ်သံ ထုတ်လွှင့်

နာမည်ကျော် အင်တာနက် လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ်ဇတ်ကာဘတ်ဂ်ဟာ ဟားဗတ်တက္ကသိုလ်ဝင်ခွင့် ရရှိခဲ့တဲ့ အခိုက်အတန့်ကို မှတ်တမ်းတင် ရိုက်ကူးထားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင် မနေ့က ထုတ်လွှင့်ခဲ့ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အဲဒီအခိုက်အတန့်ကို သူ့ရဲ့ ဖခင်ဖြစ်သူ အက်ဒ်ဝဒ်က ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဖခင်ဖြစ်သူက သူ့ကို “ဟားဗတ်က အီးမေးလ်ရတယ် ဟုတ်လား” လို့ မေးခဲ့ကာ တက္ကသိုလ်မှ လက်ခံတဲ့ အကြောင်းကြားစာ ရရှိခဲ့ချိန် အခြေအနေကို ရိုက်ကူးပြခဲ့တာပါ။ ဇတ်ကာဘတ်ဂ်ဟာ ကွန်ပျူတာရှေ့မှာ ရှိနေခဲ့ကာ ဝမ်းသာရွှင်မြူးစွာနဲ့ ဟားဗတ်တက္ကသိုလ်က သူ့ကို လက်ခံခဲ့ကြောင်း ဖခင်ကို ပြောပြခဲ့တာပါ။ အဲဒီနောက်တော့ သားအဖ ၂ ဦးစလုံး ဝမ်းသာကြည်နူးစွာ အပြန်အလှန် ရယ်မောပြောဆိုနေခဲ့ကြတာကို ကြားရပါတယ်။ လက်ရှိမှာတော့ မာ့ခ်ဇတ်ကာဘတ်ဂ်ဟာ ခန့်မှန်းပိုင်ဆိုင်မှုတန်ဖိုးငွေ ဒေါ်လာ ၅၆ ဘီလျံ ပိုင်ဆိုင်ကာ ကမ္ဘာ့ ပဉ္စမမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်တဦး ဖြစ်နေခဲ့ပါပြီ။ မာ့ခ်ဇတ်ကာဘတ်ဂ်ဟာ သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းပေါ်မှာ “ကောလိပ်ကိုမသွားခင် ကျနော့်အမေက ကျနော်ဟာ ကျောင်းကနေ ထွက်ရလိမ့်မယ်လို့ လောင်းကြေးထပ် ပြောခဲ့ပြီး ကျနော့်ညီမကတော့ ကျနော် ကျောင်းမပြီးခင် သူဘွဲ့ရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ကျနော်ကတော့ ကျနော် ဒီကျောင်းက ဘွဲ့ရလိမ့်မယ်လို့ လောင်းကြေးထပ် ပြောခဲ့တာပါ။ ခုတော့ ဒါတွေ အားလုံးဖြစ်လာခဲ့ပြီဗျ” လို့ ရေးသားခဲ့ပါတယ်။
4 years Ago
Up