မာလီနိုင်ငံ

January 10, 2022

ရွေးကောက်ပွဲနှောင့်နှေးမှုကြောင့် မာလီကို အနောက်အာဖရိကနိုင်ငံများ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်

မာလီနိုင်ငံမှာ ၂၀၂၀ စစ်အာဏာသိမ်းမှုအပြီး ရွေးကောက်ပွဲ ကျင်းပဖို့ နှောင့်နှေးနေတာကို တုံ့ပြန်တဲ့အနေနဲ့ မာလီနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အနောက်အာဖရိကနိုင်ငံတွေက သံတမန် ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီး စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်တာတွေ တင်းတင်းကျပ်ကျပ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေး လူ့အဖွဲ့အစည်း အီကိုဝက်စ်ရဲ့ လုပ်ဆောင်ချက်အသစ်ဟာ မာလီနဲ့ပတ်သက်တဲ့ ရပ်တည်ချက်ကို ဇန်နဝါရီ ၉ ရက်မှာ ပြောလိုက်တာပါ။

မာလီနိုင်ငံရဲ့ ကြားဖြတ်အာဏာပိုင်တွေဟာ ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကို မူလက အီကိုဝက်စ်နဲ့ သဘောတူထားတဲ့ လာမယ့် ဖေဖော်ဝါရီလအစား ၂၀၂၅ ဒီဇင်ဘာမှာ ကျင်းပဖို့ အဆိုပြုခဲ့ပါတယ်။

အခြေခံဥပဒေက ကျောထောက်နောက်ခံပေးထားတဲ့ အသွင်ကူးပြောင်းရေးအစိုးရအတွက် အခု အဆိုပြုတဲ့ အချိန်ဇယားဟာ လုံးဝ လက်သင့်မခံနိုင်စရာပဲလို့ ဂါနာနိုင်ငံရဲ့ မြို့တော် အက်ခရာမှာ ကျင်းပတဲ့ အရေးပေါ် ထိပ်သီးညီလာခံအပြီး ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်ထဲမှာ အီကိုဝက်စ်က ပြောပါတယ်။

ချက်ချင်းသက်ရောက်မယ့် နောက်တိုးဒဏ်ခတ်မှုတွေကို ချမှတ်ဖို့ သဘောတူခဲ့တယ်လို့ အီကိုဝက်စ်က ပြောပါတယ်။

ပိတ်ဆို့ဒဏ်ခတ်မှုတွေထဲမှာ မာလီနဲ့ ကုန်းမြေရော ဝေဟင်ပါ နယ်စပ်တွေကို ပိတ်ချတာ၊ မရှိမဖြစ် မဟုတ်တဲ့ ဘဏ္ဍာရေး အလွှဲအပြောင်းတွေကို ဆိုင်းငံ့တာနဲ့ အီကိုဝက်စ်အဖွဲ့ နယ်မြေအတွင်း မာလီအစိုးရပိုင် ပိုင်ဆိုင်မှုတွေ ဘဏ်တွေကို အလုပ်လုပ်မရအောင် ပိတ်ပင်တာအပြင် မာလီကနေ သံအမတ်ကြီးတွေကို ပြန်ဆင့်ခေါ်တာတွေ ပါဝင်ပါတယ်။ 

အခုလို ဒဏ်ခတ်ပိတ်ဆို့ခံရတာနဲ့ ပတ်သက်ပြီး မာလီ အာဏာပိုင်တွေဆီက ချက်ချင်း မတုံ့ပြန်သေးပါဘူး။

1 week Ago

October 26, 2021

မာလီနိုင်ငံ ရွေးကောက်ပွဲကျင်းပမည့်နေ့ ဒီဇင်ဘာ ဆွေးနွေးပွဲများအပြီးတွင် အတည်ပြုမည်

မာလီနိုင်ငံမှာ အာဏာသိမ်းမှုအပြီး ကျင်းပမယ့်ရွေးကောက်ပွဲနေ့ရက်ကို လာမယ့်ဒီဇင်ဘာလ ပြုပြင်ပြောင်းလဲရေးဆွေးနွေးပွဲတွေ ပြီးစီးတဲ့နောက်မှ ကြားဖြတ်အစိုးရ အာဏာပိုင်တွေက အတည်ပြုမယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်က အောက်တိုဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။

ဒီအချိန်ဇယားဟာ ၂၀၂၂ ဖေဖော်ဝါရီ ၂၇ ရက်မှာ သမ္မတ ရွေးကောက်ပွဲနဲ့ လွှတ်တော် ရွေးကောက်ပွဲ တွေကို အပြီးသတ် ကျင်းပပေးမယ့် ကနဦး ကတိနဲ့ ၁၈ လ ကြာအောင် အုပ်ချုပ်မယ့်ကိစ္စကို သက်တမ်းတိုးမယ့်ပုံပေါ်တဲ့ နောက်ထပ်လက္ခဏာရပ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

ကုလသမဂ္ဂ ကိုယ်စားလှယ်တွေဟာ အသွင်ကူးပြောင်းရေး အာဏာပိုင်တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ဘာမာကိုမြို့မှာ သီတင်းပတ်ကုန်ရက်က တွေ့ဆုံခဲ့ပါတယ်။

မာလီနိုင်ငံရဲ့ ဒီမိုကရေစီ ပြန်ရရေး တိုးတက်မှုတွေကို အကဲဖြတ်ခဲ့ပါတယ်။ မာလီနိုင်ငံမှာ ၂၀၂၀ ဩဂုတ်လက သမ္မတ အီဘရာဟင်မ် ဘောင်ဘာကာခေးတာကို ဖြုတ်ချခဲ့တာပါ။

အဲဒီနောက် ကြားဖြတ်အစိုးရရဲ့ သမ္မတ အက်စ်စီမီဂွေတာဟာ အသွင်ကူးပြောင်းရေး ကာလဟာ ဖုံးကွယ်ထားတဲ့ လုပ်ငန်းစဉ်မရှိဘဲ အချိန်ကြာမှာလည်း မဟုတ်ဘူးဆိုတဲ့ သူ့ထင်မြင်ယူဆချက်ကို ဖော်ပြခဲ့တယ်။

မာလီပြည်သူတွေဟာ အခြေအနေပေးတာနဲ့ အမြန်ဆုံး မဲပေးလိမ့်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ နိုက်ဂျာ သံအမတ်ကြီး အဘ်ဒေါင်အဘာရီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရွေးကောက်ပွဲတွေကို ၂ ပတ်၊ ၂ လ ဒါမှမဟုတ် လနည်းနည်း ရွှေ့ဆိုင်းနိုင်တယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ အောက်တိုဘာမှာ ချမှတ်မယ်လို့ စက်တင်ဘာလတုန်းက ကြားဖြတ် ဝန်ကြီးချုပ်က ပြောပါတယ်။

3 months Ago
More News
Up