မာလီကြားဖြတ်သမ္မတ

July 26, 2021

မာလီကြားဖြတ်သမ္မတကို ဓားဖြင့်ထိုးသတ်လုပ်ကြံရန်ကြိုးပမ်းခဲ့သူ ဖမ်းဆီးခံရစဉ်သေဆုံး

မာလီနိုင်ငံက ကြားဖြတ်သမ္မတ အက်စီမီဂွေတာကို အရင်အပတ်က ဓားနဲ့ထိုးဖို့ ကြိုးစားမှုနဲ့ စွပ်စွဲခံရတဲ့ အမျိုးသားဟာ လုံခြုံရေး တပ်တွေရဲ့ ထိန်းသိမ်းမှု အောက်မှာ ဆေးရုံမှာ သေဆုံးသွားပြီလို့ အစိုးရက ဇူလိုင် ၂၅ ရက်မှာ ကြေညာချက် ထုတ်ပြန် ပြောပါတယ်။

မနှစ်က ၂ ကြိမ် အာဏာသိမ်းရာမှာ ပါဝင်ခဲ့တဲ့ အထူးတပ်ဖွဲ့ဝင် ဗိုလ်မှူးကြီး ဂွေတာဟာ မြို့တော် ဘာမာကိုမှာ ဇူလိုင် ၂၀ ရက်က ဗလီမှာဝတ်ပြုနေတုန်း လုပ်ကြံသူက သူ့ကို ဓားနဲ့ ထိုးဖို့ ကြိုးစားအပြီး အထိအခိုက်မရှိဘဲ လွတ်မြောက်ခဲ့ပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အမျိုးသားတယောက်ကို စစ်တပ်သုံး ပစ်ကပ်ကုန်ကားရဲ့ နောက်ဘက်ထဲကို ပစ်တင်လိုက်တဲ့ ရုပ်သံကို ရိုက်တာ သတင်းဌာနကရရှိခဲ့ပါတယ်။ ဂွေတာကိုတော့ ကိုယ်ရံတော်တွေက ဝိုင်းထားခဲ့တာကိုလည်းရုပ်သံမှာတွေ့ရပါတယ်။

စုံစမ်းစစ်ဆေးနေချိန်မှာ သူ့ကျန်းမာရေး အခြေအနေက ယိုယွင်းလာခဲ့ပြီး သူ့ကို ဆေးရုံဆီ ခေါ်သွားပေမဲ့ သေဆုံးသွားခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။

သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေး နေဆဲဖြစ်ပြီး ဂွေတာဟာ မေလက အာဏာသိမ်းမှုအပြီး ကြားဖြတ်ခေါင်းဆောင် အဖြစ်ရော ဒုသမ္မတ အဖြစ်ပါ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

အိုင်အဲ့စ် စစ်သွေးကြွတွေ အယ်လ်ကေဒါတွေနဲ့ ဆက်စပ်နေတဲ့ သူပုန်တွေကို နှိမ်နင်းဖို့ ပြင်သစ်ရဲ့ အကူအညီနဲ့ ဆယ်စုနှစ်ချီ စစ်ဆင်ရေး ဆင်နွှဲနေရတဲ့ မာလီနိုင်ငံမှာ ဂွေတာ ဦးဆောင်ပြီး စစ်တပ်က အာဏာသိမ်းအပြီးမှာ နိုင်ငံရေးမငြိမ်မသက် ဖြစ်နေတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။ 

4 months Ago
Up