မာလာဝီ ကလေးငယ် ၂ ဦးကို

January 26, 2017

မာလာဝီ ကလေးငယ် ၂ ဦးကို ပေါ့အဆိုတော်မက်ဒေါနား ထပ်မံမွေးစားမည်

အမေရိကန် ပေါ့ပ်အဆိုတော် မက်ဒေါနားဟာ မာလာဝီနိုင်ငံက ကလေးနောက်ထပ် ၂ ဦးကို မွေးစားဖို့ လျှောက်ထားခဲ့တယ်လို့ တရားရေး ပြောခွင့်ရက ဇန်န၀ါရီ ၂၅ ရက်နေ့မှာ ပြောပါတယ်။ မက်ဒေါနားဟာ အရင်ကလည်း တောင်အာဖရိကဒေသ မာလာဝီ နိုင်ငံက မွေးကင်းစ တခြားကလေး ၂ ဦးကို မွေးစားခဲ့ပါတယ်။ အရင်ကမွေးစားမှုကို မာလာဝီ နိုင်ငံသား တချို့က ဆန့်ကျင် ခဲ့တာပါ။ ကမ္ဘာကျော် ငွေကြယ်ပွင့် မက်ဒေါနားအား မွေးစားခွင့် ပြုတာဟာ အစိုးရက ဥပဒေကို မလေးစားတာလို့ စွပ်စွဲခဲ့ပါတယ်။ မာလာဝီ နိုင်ငံထဲက ကလေးတွေကို မာလာဝီ နိုင်ငံထဲမှာ မနေသူတွေအတွက် မွေးစားခွင့် မပြုတဲ့ ဥပဒေ ရှိနေပါတယ်။ အခုတကြိမ် လျှောက်ထားမှုအတွက် နောက် သီတင်းပတ် ၂ ပတ်နေရင် တရားရုံးမှာ ဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းထားတယ်လို့ တရားရေး ပြောခွင့်ရ အမ်လန်ဂါ အမ်ဗှုလာက ပြောပါတယ်။ မက်ဒေါနား မွေးစားချင်တဲ့ ကလေးတွေရဲ့ အသေးစိတ် သတင်း အချက်အလက်ကိုတော့ သူက မပြောခဲ့ပါဘူး။ မက်ဒေါနားရဲ့ ကိုယ်စားလှယ်နဲ့လဲ မှတ်ချက်ပေးဖို့ ဆက်သွယ်လို့ မရသေးပါဘူး။ အသက် ၅၈ နှစ်အရွယ် မက်ဒေါနားဟာ မာလာဝီနိုင်ငံက ဒေးဗစ်ဘန်ဒါနဲ့ မာစီ ဂျိမ်းစ်တို့ကို ၂၀၀၆ နဲ့ ၂၀၀၉ ခုနှစ်တွေမှာ အသီးသီး မွေးစားခဲ့ပါတယ်။ သူ့မှာ အရင်က တွဲခဲ့တဲ့လူနဲ့ ကလေး၂ ဦးလည်း ရှိခဲ့ပါတယ်။
5 years Ago
Up