မာလာလာ

June 20, 2020

အမျိုးသမီးပညာသင်ခွင့် တိုက်ပွဲဝင်ခဲ့သူ မာလာလာ အောက်စ်ဖို့ဒ်ဘွဲ့ကြိုသင်တန်း ပြီးဆုံး

အမျိုးသမီးပညာသင်ကြားခွင့်အတွက် တိုက်ပွဲဝင်ခဲ့လို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရခဲ့သူ အဖြစ် လူသိများတဲ့ ပါကစ္စတန်တက်ကြွလှုပ်ရှားသူ မလာလာယူဆဲ့ဖ်ဇိုင်ဟာ အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ ဘွဲ့ကြိုသင်တန်းတွေ ပြီးဆုံးသွားပါပြီ။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ဗြိတိန်က တက္ကသိုလ်တွေ ယာယီပိတ်ထား ချိန်မှာ သူက နောက်ဆုံးစာမေးပွဲ ပြီးသွားတဲ့ အောက်စ်ဖို့ဒ် ကျောင်းသားတွေရဲ့ အစဉ်အလာအတိုင်း ကိတ်မုန့်၊ ပူဖောင်းနဲ့ အမြှုပ်တွေ သုတ်ဆေးတွေ ဖုံးနေတဲ့ သူ့ပုံကို ဇွန်လ ၁၈ ရက်က လူမှုကွန်ရက် မီဒီယာပေါ် တင်ခဲ့ပါတယ်။ “ဒသနိကဗေဒ၊ နိုင်ငံရေးနဲ့ စီးပွားရေးဘွဲ့အတွက် အောက်စ်ဖို့ဒ်မှာ သင်တန်းပြီးခဲ့လို့ အခု ကျမ ရဲ့အပျော်နဲ့ ကျေးဇူးတင်မှုကို အပြည့်အဝ ဖော်ပြဖို့ခက်တယ်၊ ရှေ့ဆက် ဘာလုပ်ရမယ် မသိသေးပါဘူး။ အခုတော့ ရုပ်ရှင်ကြည့်မယ်၊ စာဖတ်မယ်၊ အိပ်မယ်” လို့ သူက တွစ်တာ နဲ့ အင်စတာဂရမ် လူမှု ကွန်ရက်တွေ ပေါ်မှာ တင်ခဲ့ပါတယ်။  အသက် ၁၁ နှစ်အရွယ် ပါကစ္စတန်မှာ တာလီဘန်တွေအုပ်ချုပ်ချိန်မှာ မာလာလာဟာ ဘီဘီစီ သတင်းဌာနအတွက် ကလောင်နာမည်နဲ့ ဘလော့ရေးခဲ့လို့ လူသိများလာတာပါ။  သူဟာ အမျိုးသမီး ပညာသင်ကြားခွင့်ကို ငြင်းတဲ့ တာလီဘန်တွေရဲ့ အားထုတ်မှုကို ဆန့်ကျင်လှုပ်ရှားခဲ့လို့ ပစ်မှတ်ထားခံခဲ့ရပါတယ်။  သေနတ်သမားက သူ့ကျောင်းကို ရောက်လာပြီး သူနဲ့ တခြား ကျောင်းနေဘက် ၂ ယောက်ကို သေနတ်နဲ့ ပစ်ခဲ့ပါတယ်။  သူ့ကို ပထမဆုံးပါကစ္စတန်က ဆေးရုံကို လေကြောင်းနဲ့ ခေါ်လာခဲ့ပြီး နောက်ပိုင်းမှာ ခွဲစိတ်မှု အကြိမ်ကြိမ်လုပ်ဖို့ ဗြိတိန်ဆေးရုံက အထူးကြပ်မတ် ကုသဆောင်ကို အပို့ခံခဲ့ရပါတယ်။ နေပြန်ကောင်းလာချိန်မှာ ဗြိတိန်က ကျောင်းမှာ ကျောင်းတက်ခဲ့ပြီး နောက်တော့ အောက်စ်ဖို့ဒ်တက္ကသိုလ်ဝင်ခွင့် ရခဲ့ပါတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ ကြိုးပမ်းမှုတွေအတွက် အသက် ၁၇ နှစ်အရွယ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကိုရတဲ့ ကမ္ဘာ့အငယ်ဆုံး မိန်းကလေး ဖြစ်လာပါတယ်။ မလာလာ ရန်ပုံငွေအဖွဲ့ကို တည်ထောင်ရင်း ဖိနှိပ်ခံအမျိုးသမီးတွေရဲ့ခံနိုင်ရည်အတွက် ကမ္ဘာလုံးဆိုင်ရာ သင်္ကေတ ဖြစ်လာခဲ့ပါတယ်။   
1 year Ago

March 29, 2018

ငြိမ်းချမ်းရေနိုဘယ်လ်ဆုရှင် မာလာလာ မိခင်နိုင်ငံသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိ

နိုဘယ်လ်ဆုရှင်နဲ့  ပညာရေးတက်ကြွလှုပ်ရှားသူ မာလာလာယူဆက်ဖ်ဇာအီဟာ မတ်လ ၂၉ ရက်နေ့က  မိခင်ပါကစ္စတန်နိုင်ငံကို ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ မြို့တော် အစ္စလာမ်ဘတ်ရှိ နိုင်ငံတကာလေဆိပ်အတွင်း လုံခြုံရေးယာဉ်တန်းနဲ့ မာလာလာ ရောက်ရှိလာပုံကို ပါကစ္စတန် သတင်းဌာန Geo TV ကနေ ပြသခဲ့ပါတယ်။ မာလာလာဟာ ပါကစ္စတန်ရှိ အမျိုးသမီးငယ်များ ပညာသင်ကြားရေး ထောက်ခံလှုပ်ရှားမှုကြောင့် ၂၀၁၂ ခုနှစ်မှာ  တာလီဘန်တွေက ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒီအတွက် ဗြိတိန်နိုင်ငံမှာ အရေးပေါ်ဆေးကုသမှု ခံယူပြီး အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီလို အသက်စွန့် ဘဝစွန့် လှုပ်ရှားမှုတွေကြောင့်ပဲ ၂၀၁၄ ခုနှစ် အသက် ၁၇ နှစ်အရွယ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိခဲ့တာပါ။ ဒီအတွက် သူဟာ ကမ္ဘာ့အသက်အငယ်ဆုံး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်လာခဲ့ပါတယ်။
4 years Ago
More News
Up