မာရာဝီမြို့သို့ ပြန်မည့် ဒေသခံများအား ဗုံးနှင့် မိုင်းအသိပညာပေးသင်တန်း ပို့ချ

October 25, 2017

မာရာဝီမြို့သို့ ပြန်မည့် ဒေသခံများအား ဗုံးနှင့် မိုင်းအသိပညာပေးသင်တန်း ပို့ချ

ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့ကို ပြန်သွားကြမယ့် ဒေသခံတွေကို ကျောင်းဆရာမတွေက ဗုံးနဲ့ မိုင်း အသိပညာပေးသင်တန်းတွေ ပို့ချပေးနေကြပါတယ်။ အန်ဂျီအိုအဖွဲ့အစည်းတွေက သင်တန်းပေးထားတဲ့ ကျောင်းဆရာမတွေဟာ မပေါက်ကွဲသေးတဲ့ ဗုံးတွေကို ခွဲခြားတတ်အောင် ဒေသခံတွေကို သင်တန်းပို့ချနေကြတာပါ။ အဲဒီသင်တန်းမှာ လက်ပစ်ဗုံးတွေ၊ မော်တာကျည်တွေ၊ မြေမြှုပ်မိုင်းတွေနဲ့ အဲဒီပစ္စည်းတွေ တွေ့ရှိပြီးနောက် ပြုလုပ်ရမယ့် အဆင့်ဆင့်ကို သင်ကြားပြသပေးတာ ဖြစ်ပါတယ်။ မာရာဝီ အမျိုးသားအထက်တန်းကျောင်းအုပ်ကြီးက “ဒီလို ပညာပေးတွေ လုပ်ပေးတာ သိပ်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒေသခံတွေက ဘယ်ဗုံးက ဘယ်လိုအန္တရာယ်ကြီးလဲဆိုတာ မသိကြဘူးလေ” လို့ ပြောခဲ့ပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးတဦးက "မိဘတွေက သိထားတော့ ကိုယ့်ကလေးကို ဒါကတော့ ဗုံး။ အဲဒီနားမသွားနဲ့ဆိုပြီး ရှင်းပြလို့ရတာပေါ့" လို့ ပြောခဲ့ပါတယ်။ အဲဒီလို သင်တန်းပို့ချနေတာကို ပြီးခဲ့တဲ့ ဇူလိုင်ကတည်းက စတင်နေတာဖြစ်ပြီး တခြား လူမှုဝန်ထမ်းစိတ် ရှိသူတွေဟာလည်း ကျောင်းတွေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ကူညီ သင်တန်းပို့ချပေးနေကြပါတယ်။ ဆက်ဆံရေးအရာရှိက “ရွာသားတွေအနေနဲ့ ကိုယ့်ရွာ ကိုယ်ပြန်ကြတဲ့အခါ ဒီလို သတင်းအချက်အလက်တွေ သိထားတော့ အန္တရာယ်ကင်းတာပေါ့။ ဒီလို သတင်းအချက်အလက်တွေ သိထားဖို့ အရေးကြီးပါတယ်” လို့ ပြောပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့က ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဟာ စစ်သွေးကြွတွေကို တိုက်ခိုက်တဲ့တိုက်ပွဲ ပြီးဆုံးသွားပြီလို့ ကြေညာခဲ့ပေမယ့် ဒေသခံတွေအနေနဲ့ ဘေးကင်းမှ မိမိတို့ဒေသကို ပြန်သွားခွင့်ပြုမယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
3 years Ago
Up