မာမရာပင်လယ်

June 11, 2021

မာမရာပင်လယ်အတွင်း ပင်လယ်ချွဲအလွှာ ပျံ့နှံ့မှု ရှင်းလင်းရေး တူရကီစတင်

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ တောင်ပိုင်းက မာမရာပင်လယ်ထဲမှာ 'sea snot' လို့ ခေါ်တဲ့ ချွဲကျိကျိ ပင်လယ်ချွဲ အလွှာက ပြန့်လာနေလို့ ရှင်းလင်းဖို့ တူရကီ အစိုးရက ကပ်ဘေး စီမံခန့်ခွဲရေး အစီအစဉ်ကို စတင်လိုက်ပါတယ်။ 

သတင်းမှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တာစင်စေးလန်ကလည်း ပင်လယ်အစေးတွေ ပြန့်လာပုံကို ဇွန် ၈ ရက်က ရေအောက် ဗီဒီယို ရိုက်ကူးခဲ့ပါတယ်။

ရုပ်သံထဲမှာ ပင်လယ်ချွဲတွေဟာ ရေမျက်နှာပြင် အပေါ်မှာ မျောပါနေပြီး ပင်လယ်ပေါက်ပင်တွေကို ဖုံးလွှမ်းနေပါတယ်။ လှိုင်းလာချိန်မှာ လှိုင်းအောက် နစ်မြုပ်သွားပြီး ပင်လယ်ကြမ်းပြင်က သက်ရှိတွေကို အသက်ရှူမရအောင် မွန်းကြပ်စေ ပါတယ်။

 ပင်လယ်ရေ မျက်နှာပြင် သန့်ရှင်းရေးလှေနဲ့ အရံအတားတွေ ချတဲ့လှေ ၂၅ စီးဟာလည်း တခြား ရေယာဉ် ၁၈ စီးနဲ့အတူ အလုပ်လုပ်ရင်း ပင်လယ်ချွဲတွေ ပြန့်မလာအောင် လုပ်ဆောင်နေပါတယ်။

 ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနဲ့ ညစ်ညမ်းမှုတွေကြောင့် ပင်လယ်ချွဲတွေ ပြန့်ပွားလာတာလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အနှစ်ကြွယ်ဝတဲ့ ရေဆိုးတွေ ပင်လယ်ရေထဲ စီးဝင်လာချိန်မှာ မိုက်ခရိုစကုပ်နဲ့ ကြည့်မှ မြင်ရတဲ့ သက်ရှိတွေ အမျိုးစုံစုံလင်လင်ပါတဲ့ ပစ္စည်းအနေနဲ့ ပင်လယ်ချွဲတွေ ဖြစ်ထွန်းလာတာပါ။

 အဆိပ်မရှိပေမဲ့  ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ ပြန့်ပွားစေနိုင်တယ်လို့ သိပ္ပံ ပညာရှင်တွေ က ဆိုပါတယ်။

7 months Ago
Up