မာဖီးယား

July 18, 2019

အီတလီနှင့် အမေရိကန် ရဲတပ်ဖွဲ့ ပူးပေါင်းပြီး စစ္စလီကျွန်း မာဖီးယားမိသားစုကို နှိမ်နင်း

အီတလီနဲ့ အမေရိကန် ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အီတလီနိုင်ငံ စစ္စလီကျွန်းက မာဖီးယား မိသားစုကို ဇူလိုင် ၁၇ ရက်က နှိမ်နင်းခဲ့ပါတယ်။ အဲဒီမိသားစုဟာ အမေရိကန်နိုင်ငံထဲကို နှစ်ချီထွက်ပြေး တိမ်းရှောင်နေခဲ့ပြီး သူတို့ရဲ့ သြဇာကို ပြန်တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) အရာရှိတွေ အပါအဝင် ရဲအယောက် ၂၀၀ ကျော်က စစ္စလီကျွန်းရဲ့ မြို့တော် ပါလာမိုမှာနေတဲ့ အင်ဇာရီလို မျိုးနွယ်နဲ့ နယူးယောက်မြို့အခြေစိုက် မဟာမိတ် ဂမ်ဘီနိုမိသားစုတို့ကို စုံစမ်းစစ်ဆေးရင်း စစ္စလီကျွန်းပေါ်က လူ ၁၈ ယောက်ကို ဖမ်းခဲ့ပါတယ်။ သံသယရှိသူတွေဟာ မမျှတတဲ့ ယှဉ်ပြိုင်မှု၊ လိမ်လည်မှု၊ ရန်လိုတိုက်ခိုက်မှု၊ မာဖီးယား ဂိုဏ်းဝင်ဖြစ်မှုတွေ အပါအဝင် စွဲချက်တွေကို ရင်ဆိုင်ရမယ်လို့ အီတာလျံရဲတွေက ပြောပါတယ်။ ၁၉ ယောက်မြောက် သံသယရှိသူကို အမေရိကန်နိုင်ငံထဲမှာ ဆက်ပြီး ရှာနေပါတယ်။ စစ္စလီကျွန်းက အုပ်စုဖွဲ့ ရာဇဝတ်မှု ကျူးလွန်တဲ့ ကိုဆာ နော့စ်ထရာလို့ လူသိများတဲ့ ဂိုဏ်းရဲ့ ခေါင်းဆောင် ထောင်ထဲမှာ သေဆုံးအပြီး ၂၀၁၇ တည်းက ဒီဂိုဏ်းဟာ အပြောင်းအလဲတွေ အဆက်မပြတ် ဖြစ်နေခဲ့တာပါ။ ဒီမိသားစုဟာ နယူးယောက်မြို့က သြဇာကြီးတဲ့ မဟာမိတ်တွေရဲ့ အကူအညီနဲ့ လုပ်ငန်းဟောင်းမှာ ပြန်ရပ်တည်ဖို့ ကြိုးစားခဲ့ပါတယ်။ မိသားစု နှစ်စုလုံးဆီက မှတ်ချက်တစုံတရာတော့ ချက်ချင်း မရသေးပါဘူး။ ဂမ်ဘီနော့စ်ဟာ နယူးယောက်အခြေစိုက် သမိုင်းဝင် အီတာလျံ - အမေရိကန် မာဖီးယားမိသားစု ငါးစုထဲက တစုပါ။ ဒီမိသားစုကို တရားမဝင် ဆေးဝါးဖြန့်ဖြူးမှု၊ အတိုးကြီးကြီး ငွေတိုးချေးမှု၊ လူသတ်မှု အပါအဝင် လုပ်ရပ်တွေအတွက် တရားစွဲဖူးပါတယ်။ ကိုစာနော့စ်ထရာဂိုဏ်းဟာ အရင်က စစ္စလီကျွန်းမှာ သြဇာကြီးမားပေမယ့် ခုတော့ ဂိုဏ်းခေါင်းဆောင် အများအပြား ထောင်ချခံထားရပြီး လုပ်ငန်းတွေ နှိမ်နင်းခံရတဲ့အပြင် ဒေသခံတွေကလည်း သူတို့ကို အာခံမှု တိုးလာနေပါတယ်။ လွှတ်တော်အမတ်တွေကတော့ ဒီအုပ်စုဟာ ပြန်တည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ ထပ်ခါတလဲလဲ သတိပေးထားပါတယ်။
3 years Ago

December 6, 2018

အီတလီရာဇဝတ်ဂိုဏ်းအပေါ် စစ်ဆင်ရေးအတွင်း လူ ဒါဇင်ချီ ဖမ်းဆီးခံရ

အီတလီရာဇဝတ်ဂိုဏ်း အွန်ဒရန်ဂီတာရဲ့ အဖွဲ့ဝင်တွေအပေါ် စစ်ဆင်ရေးအတွင်း အီတလီ၊ နယ်သာလန်၊ ဂျာမနီ၊ ဘယ်ဂျီယံနဲ့ တောင်အမေရိကတိုက်တလွှား ဒါဇင်နဲ့ချီတဲ့ လူတွေကို ဒီဇင်ဘာ ၅ ရက်က ဖမ်းဆီးခဲ့ပါတယ်။ အဖမ်းခံရသူတွေဟာ ကိုကင်းကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ လာဘ်စားမှုနဲ့ အကြမ်းဖက်မှုတွေမှာ သံသယရှိသူတွေလို့ ရာဇဝတ်စုံစမ်းစစ်ဆေးမှုမှာ တရားရေး ပူးပေါင်းဆောင်ရွက်မှုကို ကြီးကြပ်တဲ့ ယူရိုဂျပ်စ်အဖွဲ့နဲ့ အီတလီရဲတွေက ပြောပါတယ်။ လောလောဆယ် ရဲတွေက ဖမ်းဆီးတာ၊ သိမ်းဆည်းတာတွေ လုပ်နေတယ်လို့ ယူရိုဂျပ်စ်က ပြောပေမယ့် အရေအတွက် အတိအကျကိုတော့ မပြောခဲ့ပါဘူး။ အီတလီရဲတပ်ဖွဲ့ကတော့ လူအယောက် ၉ဝ လောက် ဖမ်းထားတယ်လို့ ပြောပါတယ်။ အီတလီတောင်ပိုင်း ကာလာဘရိုင်ယန် ဒေသထဲမှာ အရာရှိတွေက အဆောက်အဦတွေထဲကို ဝင်သွားပြီး အမျိုးသားတဦးကို လက်ထိပ်ခတ်လာပုံ ရုပ်သံကိုလည်း ရဲတွေက ရိုက်ကူးထားပါတယ်။ ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းမှာတော့ အီတလီက လူ ၄၁ ဦး၊ ဂျာမနီက ၂၁ ဦး၊ ဘယ်လ်ဂျီယံက ၁၄ ဦး၊ နယ်သာလန်က ၅ ဦးနဲ့ လူဇင်ဘတ်နိုင်ငံက ၂ ဦးကို ဖမ်းထားပြီလို့ ဥရောပရဲတပ်ဖွဲ့ ယူရိုပိုက ပြောပါတယ်။ ဆူရီနမ်နိုင်ငံက လူတဦးကိုလည်း ဖမ်းထားတယ်လို့ နယ်သာလန်ရဲတွေက ပြောပါတယ်။ ကမ္ဘာအနှံ့ ကျယ်ပြန်တဲ့ ရာဇဝတ်အုပ်စုရဲ့ ဗဟိုချက်ဖြစ်ရာ အီတာလျံ တောင်ပိုင်းမြို့ လိုခရီမှာ အခြေစိုက်တဲ့ ဒီမိသားစုကို ပစ်မှတ်ထား စစ်ဆင်ခဲ့တာပါ။ ဒီအုပ်စုဟာ အီတလီရဲ့ အဓိကရာဇဝတ်ဂိုဏ်း ၃ ခုထဲက တခုဖြစ်ပါတယ်။ ကာမော်ရာလို့ခေါ်တဲ့ ဂိုဏ်းကတော့ နေပယ်ပင်လယ်အော်မှာ အခြေစိုက်ပြီး စစ္စလီကျွန်း အခြေစိုက် ကို့စာနော့စ်ထရာ ဂိုဏ်းကတော့ မာဖီးယားလို့ လူသိများပါတယ်။ အီတလီရဲတွေဟာ စစ္စလီကျွန်းက မာဖီးယားဂိုဏ်းတွေရဲ့ ဂိုဏ်းချုပ်မှူးကြီးအသစ်နဲ့ သူ့လူ ၄၅ ဦးကို ဖမ်းအပြီး နောက်တရက်မှာ ခုလို စစ်ဆင်ရေးဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။
3 years Ago
More News
Up