တိုက်စစ်မှူး မာနိုလိုဂါဘီယာဒီနီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ စီးရီးအေကလပ် ဆမ်ဒိုးရီးယားအသင်းက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
အီတလီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေကြောင့် အားကစားဆိုင်ရာ ဆောင်ရွက်မှုတွေကို ဧပြီ ၃ ရက်အထိ ရပ်နားထားကာ တနိုင်ငံလုံးကိုလည်း ပိတ်ဆို့ထားပါတယ်။
အစိုးရထုတ်ပြန်တဲ့ ကြေညာချက်တွေကို အတိအကျလိုက်နာဖို့ ဘောလုံးအသင်းတွေကို ညွှန်ကြားထားပေမယ့် နိုင်ငံတွင်းမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ဆက်လက်မြင့် တက်နေဆဲဖြစ်ပါတယ်။
ဂါဘီယာဒီနီမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့ပြီးနောက် ဆမ်ဒိုးရီးယား အသင်းဘက်က ဒီသတင်းကို အလျင်အမြန်ထုတ်ပြန်ပေးခဲ့ပြီး ကစားသမားဟာ ဗိုင်းရပ်စ်ကူးစက်ထားပေမဲ့ ချက်ချင်းအန္တရာယ်ကျရောက်နိုင်တဲ့ အနေအထားမှာ ရှိမနေဘူးလို့ ဆိုပါတယ်။
“တိုက်စစ်မှူး မာနိုလို ဂါဘီယာဒီနီမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ထုတ်ပြန်ကြေညာ အပ်ပါတယ်။ ကစားသမားဟာ ဖျားနာမှုဝေဒနာကိုခံစားနေရပေမယ့် ကျန်တာ အားလုံးအဆင်ပြေပါ တယ်။ ကလပ်အသင်းအနေနဲ့ အာဏာပိုင်တွေထုတ်ပြန်ထားတဲ့ ကန့်သတ်ထားရှိခြင်းဆိုင်ရာ နည်းလမ်းတွေအတိုင်း လိုက်နာဆောင်ရွက်သွားမယ်” လို့ အသင်းက ထုတ်ပြန်တဲ့ ကြေညာချက်တစောင်မှာ ဖော်ပြထားပါတယ်။
ကလပ်အသင်းရဲ့ကြေညာမှု ထွက်ပေါ်လာပြီးတဲ့နောက်မှာ ကစားသမားဘက်က တင်ခဲ့တဲ့ တွစ်တာပို့စ်မှာ “ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ ကျနော့်ကို အဆင်ပြေကြောင်းနဲ့ စိတ်ပူဖို့ မလိုအပ်ကြောင်းကိုလည်း အားလုံးကိုအသိပေးချင်ပါတယ်။ ညွှန်ကြားချက်တွေကို လိုက်နာပြီး အိမ်အပြင်တတ်နိုင်သလောက်မထွက်ပါနဲ့၊ အားလုံးအဆင်ပြေသွားမှာပါ” လို့ ရေးသား ထားပါတယ်။
ဂါဘီယာဒီနီဟာ ဆမ်ဒိုးရီးယားအသင်းက ဗီရိုနာအသင်းကို အနိုင်ရရှိခဲ့တဲ့ တနင်္ဂနွေနေ့ပွဲ စဉ်မှာ ဆမ်ဒိုးရီးယားအသင်းအတွက် ၆၁ မိနစ်ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။
ဒါ့ကြောင့် ဆမ်ဒိုးရီးယားအသင်းရဲ့ ကြေညာချက်ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှာ အသင်းရဲ့ လာမယ့် အစီစဉ်တွေအားလုံးကို ဖျက်သိမ်းသွားမယ်လို့ ဗီရိုနာအသင်းက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ဆမ်ဒိုးရီးယားအသင်းတိုက်စစ်မှူး ဂါဘီယာဒီနီရဲ့ ကော်ရိုနာဗိုင်းရပ်စ်သတင်းကြောင့် ဗီရိုနာအသင်းဟာ စီစဉ်ထားတဲ့ ဆောင်ရွက်မှုအားလုံးကို အကန့်အသတ်မရှိရပ်ဆိုင်းလိုက်တယ်လို့လည်း ဗီရိုနာအသင်းရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တမ်ကစားသမားဟောင်း ဂါဘီယာဒီနီဟာ ဗိုင်းရပ်စ်ကူး စက်ခံခဲ့ရတဲ့ ဒုတိယမြောက်စီးရီးအေကစားသမားဖြစ်ပြီး သူ့မတိုင်ခင် ဂျူဗင်တပ်အသင်းရဲ့ နောက်ခံလူ ဒါနီလီရူဂါနီဟာလည်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။
12 months Ago