မာဒီဂရာ့စ်ပွဲတေ

March 1, 2020

ဆစ်ဒနီမြို့တွင် လိင်တူချစ်သူများ လမ်းလျှောက်ချီတက်ပွဲ ကျင်းပ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကမ္ဘာတဝန်း ပွဲလမ်းသဘင် အခမ်းအနားတွေကို ဖျက်သိမ်းကြပေမယ့် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာတော့ ဖေဖော်ဝါရီ ၂၉ ရက်မှာ လိင်တူချစ်သူတွေက မာဒီဂရာ့စ်ပွဲတော်ကို ပြိုးပျက်လင်းလက် ပျော်ရွှင်မြူးတူးစွာ ကျင်းပခဲ့ကြပါတယ်။  စီတန်း လှည့်လည်ချီတက်ပွဲမှာ ပါဝင်သူတွေဟာ ဗိုင်းရပ်စ် ပျံနှံ့ကူးစက်မှု သတိပေးချက်တွေကိုလည်း ကျန်းမာရေးအသိတွေနဲ့ သတိထားဂရုစိုက်ခဲ့ကြပြီး သူတို့ကို ချီတက်ပွဲမှာ မပါကြဖို့ တားဆီးလို့လည်း မရပါဘူး။   သူတို့တွေဟာ ဗိုင်းရပ်စ်ကို ကြောက်ပေမယ့် ကျန်းမာရေးကောင်းနေတာကြောင့် အဆင်ပြေသားပဲလို့ ချီတက်ပွဲမှာ ပါဝင်သူတဦးက ပြောပါတယ်။  “ဗိုင်းရပ်စ်ကိုတော့ ကြောက်ပါတယ်။ အနားမှာ တယောက်ယောက် ချောင်းဆိုးလိုက်သံ ကြားရရင် ဝေးဝေး ရှောင်သွားလိုက်တယ်၊ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ကြတယ်၊ လူတိုင်းဟာ လက်ဆေးကြတယ်၊ အားလုံးကလည်း သူတို့ချောင်းဆိုးချင်ရင် မျက်နှာဖုံး နှာခေါင်းစည်းတွေ တပ်ထားကြတယ်။” အာရှမှာ ဆားစ်ရောဂါဖြစ်တုန်းက ဖြတ်သန်းခဲ့ဖူးတဲ့အတွက် အရမ်းကြောက်မနေဘဲ အဆင်ပြေပါတယ်လို့ ချီတက်ပွဲ ပါဝင်သူ နောက်တဦးက ပြောပါတယ်။  ၄၂ ကြိမ်မြောက် လိင်တူချစ်သူများရဲ့ မာဒီဂရာ့စ် ပွဲတော်ကို အောက်စ်ဖို့ဒ် လမ်းမကြီးတလျှောက် အလှပြယာဉ် ၁၈၈ စီးနဲ့ လှည့်လည်ချီတက်ခဲ့ကြပါတယ်။ ဒီနှစ်ရဲ့ ပွဲတော်ဆောင်ပုဒ်ကတော့ What matters ဖြစ်ပါတယ်။ Dykes on bikes မော်တော်ဆိုင်ကယ်စီးအဖွဲ့ကလည်း သြစတြေးလျ တောမီးအန္တရာယ်ကို စွန့်စွန့်စားစား ငြိမ်းသတ်ပေးခဲ့ကြတဲ့ နယူးဆောက်ဝေးလ် ကျေးလက်မီးသတ်အဖွဲ့အတူ မာဒီဂရာ့စ် ပွဲတော်ညကို  ပျော်ပျော်ရွှင်ရွှင် လှည့်လည်ခဲ့ကြပါတယ်။ ဒီပွဲတော်ကို နာမည်ကျော် ပေါ့ပ်ဂီတ ကြယ်ပွင့်တွေဖြစ်ကြတဲ့ ဆမ်စမစ်သ်၊ ဂျူဝါ လီပါနဲ့ ကီရှာ တို့လည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။  ဒီလိင်တူချစ်သူများ မာဒီဂရာ့စ် ပွဲတော်ဟာ ၁၉၇၈ ခုနှစ်တုန်းက လိင်တူချစ်သူ အခွင့်အရေးနဲ့ လိင်တူချင်း ချစ်ခင်စုံမက်မှုကို ခွဲခြားဆက်ဆံ ဖိနှိပ်ခံရမှုတွေအတွက် ဆန္ဒဖော်ထုတ် ချီတက်ရင်းက စတင်ပေါ်ပေါက်လာတာပါ။   ဒါပေမဲ့ ဒီပွဲတော်ဟာ ဆစ်ဒနီမြို့ရဲ့ အကြီးမားဆုံး လမ်းမပေါ် ပါတီနဲ့ သြစတြေးလျနိုင်ငံရဲ့  လိင်တူလိင်ပြောင်း LGBTQI+ အသိုင်းအဝိုင်းအတွက် အဓိက အချက်အချာတခုအဖြစ် နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေကို အများဆုံး ဆွဲဆောင်နိုင်တဲ့ ကဏ္ဍအဖြစ်ကို တိုးတက်လာခဲ့ပါတယ်။  
1 year Ago
Up