မာဒါဂတ်စကာကျွန်း အရှေ့ပိုင်းကို ဆိုင်ကလုန်းဝင်ရောက်၊ အနည်းဆုံး ၂၉ ဦး သေဆုံး

January 10, 2018

မာဒါဂတ်စကာကျွန်း အရှေ့ပိုင်းကို ဆိုင်ကလုန်းဝင်ရောက်၊ အနည်းဆုံး ၂၉ ဦး သေဆုံး

မာဒါဂတ်စကာကျွန်း အရှေ့ပိုင်းကို ဆိုင်ကလုန်း ဝင်ရောက်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၉ ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နဲ့ ၆ ရက်နေ့က မာဒါဂတ်စကာကျွန်း အရှေ့ပိုင်းကို အပူပိုင်းမုန်တိုင်း အာဗာ (Ava) ဝင်ရောက်ခဲ့ပြီး လေတိုက်နှုန်း တနာရီ ၈၇ မိုင်ကနေ ၁၁၉ မိုင် အကြား တိုက်ခတ်ခဲ့တဲ့အတွက် မြို့တော် အန်တန်နန်နာ ရီဗိုမှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ရေဘေးသင့် ဒုက္ခသည်တဦးက “ကျမတို့ မိသားစုဝင် ၆ ဦးရှိပါတယ်။ ရေကြီးတာ တအိမ်လုံးကို မြုပ်သွားတာပဲ။ ကလေး ကိုယ်တွေ တအားပူလာတာနဲ့ ဒီဘေးလွတ်ရာစခန်းကို လာဖို့ ဆုံးဖြတ်လိုက်တာပါ။ မိုးလင်းကတည်းက တောက်လျှောက် ရေထဲမှာ သွားနေရတယ်။ အကုန်လုံး ရေမြုပ်နေလို့ ဒီကိုရောက်လာတာပါ” လို့ ပြောပါတယ်။ သဘာဝဘေးအန္တရယ် စီမံခန့်ခွဲရေး ဒု-အကြီးအကဲက လောလောဆယ် ၂၉ ဦး သေဆုံးတယ်လို့ သတင်းရထားကြောင်း၊ ဆယ်ဂဏန်းနဲ့ချီ ဒဏ်ရာရပြီး လူဦးရေ ၆ သောင်းကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း ဆိုပါတယ်။ သူက ဆက်ပြီး “ကျေန်ာတို့မှာ အခြေအနေ ၃ ရပ်အတွက် ဆွဲထားတဲ့ ယာယီအစီအစဉ် ရှိပါတယ်။ ပထမတခုက လောလောဆယ်ဖြစ်နေတဲ့ အခြေအနေပေါ့။ မာဒါဂတ်စကာမှာ ပုံမှန် မုန်တိုင်းဝင်တာနဲ့ ပတ်သက်ပြီး ဆောင်ရွက်တဲ့ အခြေအနေပါ။ အခြေအနေအားလုံးကို အခြေပြု စဉ်းစားမယ်ဆိုရင် အနည်းဆုံး ဒေါ်လာ သန်း ၂၀ လောက် ကုန်ကျနိုင်တယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မတ်လကလည်း မက်ဒါဂတ်စကာနိုင်ငံကို ဆိုင်ကလုန်း အန်နာဝို ဝင်ရောက်ခဲ့ပြီး နိုင်ငံအရှေ့မြောက်ပိုင်း ဗက်နီလာ ထုတ်လုပ်ရာဒေသမှာ အနည်းဆုံး လူ ၇၈ ဦး သေဆုံးခဲ့ရပါတယ်။
3 years Ago
Up