မာတွန်းနစ်

July 3, 2015

ဆူနာမီတွင် အသက်ရှင်ကျန်ရစ်သည့် အင်ဒိုလူငယ်ကို စပို့တင်းလစ္စဘွန်း ခေါ်ယူ

အသက် ၁၇ နှစ် အင်ဒိုနီးရှား ကစားသမား မာတွန်းနစ်ကို ပေါ်တူဂီ စပို့တင်း လစ္စဘွန်းအသင်း လူငယ် အကယ်ဒမီက ခေါ်ယူလိုက်ပါတယ်။ ဇူလိုင် ၂ ရက်က ခေါ်ယူလိုက်တာဖြစ်ပြီး မာတွန်းနစ်ဟာ ၂၀၀၄ ခုနှစ် ဆူနာမီမှာ ပေါ်တူဂီ လက်ရွေးစင်အသင်း ဂျာစီနဲ့ ကျန်ရစ်ခဲ့တဲ့ ကလေးတဦးလည်း ဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်း အသင်းကို ပြောင်းရွှေ့ရတဲ့အတွက် ပျော်ရွှင်မိသလို သူ့ရဲ့ အရည်အသွေးကို မြင့်မားလာဖို့ အသင်းက ကူညီနိုင်မယ်လို့ လက်မှတ်ထိုးအပြီး မာတွန်းနစ်က ပြောပါတယ်။ “ဒီအခွင့်အရေးအတွက် အတော်ကို စိတ်လှုပ်ရှားမိပါတယ်။ ဒီကလပ်က ကျနော့် အိပ်မက်တွေကို ဖြစ်လာအောင် လုပ်ပေးမှာ ဖြစ်ပါတယ်။” လို့ မာတွန်းနစ်က ပြောပါတယ်။ ဆူနာမီကြောင့် မာတွန်းနစ်ဟာ ၂၁ ရက်ကြာ သောင်တင်နေခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတဦး ဖြစ်ပါတယ်။ ဆူနာမီ ကျန်ရစ်သူတွေ အကြားမှာ ပေါ်တူဂီ အသင်းဝတ်စုံ ၀တ်ထားတဲ့ ဒီလူငယ်ရဲ့ သတင်းဟာ ကမ္ဘာတ၀န်းကို ရောက်ရှိခဲ့ပြီး အိမ်ပြန်ဆောက်ဖို့အတွက် ပေါ်တူဂီ လက်ရွေးစင်အသင်းက ယူရို ၄ သောင်း လှူဒါန်းခဲ့ပါတယ်။ ဒီနှစ်မှာပဲ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က မာတွန်းနစ်ကို ပေါ်တူဂီ အလည်ခေါ်ခဲ့သလို သူ့ရဲ့ ကျောင်းစရိတ်ကို နာမည်ကြီး ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုက ပေးခဲ့ပါတယ်။ လူးဝစ်ဖီဂို၊ ရော်နယ်ဒိုနဲ့ တွေ့ခွင့်ရတဲ့အတွက် မာတွန်းနစ် ဘောလုံးဝါသနာက ပိုကြီးထွားလာပါတယ်။ ဒီနောက်မှာတော့ ဘောလုံးအရည်အသွေးကို ပြသနိုင်ခဲ့ပြီး စပို့တင်းလစ္စဘွန်းအသင်းက ခေါ်ယူသွားတာ ဖြစ်ပါတယ်။
6 years Ago
Up