မာတစ်

A d v e r t i s e m e n t With Us

July 28, 2019

ဆုဖလားအတွက် အတွေ့အကြုံရှိ ကစားသမားများ လိုအပ်ဟု မာတစ် ပြော

ဆုဖလားရရှိဖို့အတွက်ဆိုရင် အသင်းအနေနဲ့ အတွေ့အကြုံရှိတဲ့ ကစားသမားတွေ ပိုပြီး လိုအပ်နေတယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား မာတစ်က ပြောကြားလိုက်ပါတယ်။ အရည်အချင်းနဲ့ အတွေ့အကြုံရှိတဲ့ ကစားသမားတွေဟာ ဆုဖလားရယူပေးနိုင်ပြီး လက်ရှိအသင်းမှာ အရည်အသွေးရှိတဲ့ ကစားသမားတွေရှိပေမယ့် အတွေ့အကြုံပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ မာတစ်က ပြောပါတယ်။ ယူနိုက်တက်တို့ဟာ မာရှယ်၊ ရက်ရှ်ဖိုဒ့်တို့လို ကစားသမားတွေ အပါအဝင် အရည်အသွေးရှိတဲ့ လူငယ်ကစားသမားတွေ ၅ ဦး၊ ၆ ဦးလောက် ရှိနေပေမယ့် အတွေ့အကြုံပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ မာတစ်ကဆိုပါတယ်။ လက်တလော ခြေစွမ်းပြနေတဲ့ မေဆန်ဂရင်းဝုဒ်လို ကစားသမားတွေဟာ အလားအလာရှိတဲ့ ကစားသမားဖြစ်ပေမယ့် အသက် ၁၇ နှစ်နဲ့ ၂၇ နှစ်အချိန်မှာ ကစားရတဲ့ ပုံစံချင်း တူတော့မှာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ မာတစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်း ခေါင်းဆောင်အဖြစ် ရည်ရွယ်ခြင်း ခံထားရပြီးတော့ ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ယူနိုက်တက်တို့ ရာနှုန်းပြည့်နိုင်ပွဲရရှိအောင် ဦးဆောင်ပေးထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ပရိသတ်တွေဟာ ပွဲရဲ့ရလဒ်ကိုပဲ လိုချင်ကြတာမှန်ပေမယ့် ကစားသမာတွေ တိုးတက်လာတာကိုလည်း အချိန်ပေးစောင့်ကြည့်သင့်ကြောင်း၊ ဒါ့အပြင် အခုကစားသမားတွေဟာ မန်ချက်စတာယူနိုက်တက်အသင်းကို တကျော့ပြန် အောင်မြင်မှုတွေ ရယူပေးနိုင်တယ်ဆိုတာ အသေအချာပြောနိုင်ကြောင်း မာတစ်က အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။
2 years Ago

July 22, 2019

မန်ယူအသင်းခေါင်းဆောင်အဖြစ် စမောလင်းနှင့် မာတစ်တို့ကို ရွေးချယ်ရန် ဘရိုင်ယန်ရော့ဘ်ဆင် တိုက်တွန်း

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ရာထူးအတွက် နောက်ခံလူ စမောလင်းနဲ့ မာတစ်တို့ကို ရွေးချယ်ဖို့ အသင်းရဲ့ ဂန္ထဝင်ကစားသမားတဦးဖြစ်တဲ့ ဘရိုင်ယန်ရော့ဘ်ဆင်က တိုက်တွန်းလိုက်ပါတယ်။ အသင်းခေါင်းဆောင် အန်တိုနီယိုဗလင်စီယာ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ပေါ့ဂ်ဘာနဲ့ အက်ရှ်လေယန်းတို့ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ စီစဉ်နေတဲ့အပေါ် ဘရိုင်ယန်ရော့ဘ်ဆင်က အခုလို တိုက်တွန်းလိုက်တာပါ။ ပေါ့ဂ်ဘာနဲ့ အက်ရှ်လေယန်း နှစ်ဦးစလုံးဟာ အနာဂတ်မသေချာ ဖြစ်နေတာကြောင့် လာမယ့်ရာသီမှာ ဘယ်သူ့ကို အသင်းခေါင်းဆောင်ပေးမလဲဆိုတဲ့ မေးခွန်းတွေ ဖြစ်လာခဲ့ပါတယ်။ ရော့ဘ်ဆင်က အသင်းခေါင်းဆောင်ဖြစ်နိုင်ဖို့ ကိုယ့်အပေါ်မှာ အသင်းဖော်တွေက ဘယ်လောက်ထိ လိုအပ်နေသလဲဆိုတာနဲ့ ဘယ်လိုဦးဆောင်နိုင်သလဲဆိုတာ သိဖို့ လိုအပ်ကြောင်း၊ အဲလိုအရည်အချင်းတွေကို စမောလင်းနဲ့ မာတစ်ဆီမှာ တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းခေါင်းဆောင်ဟောင်း တဦးလည်းဖြစ်တဲ့ ရော့ဘ်ဆင်ဟာ ၁၉၈၁ ခုနှစ်မှာ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁ ဒသမ ၈ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး ၁၉၉၃ ခုနှစ်မှာတော့ ဖာဂူဆန်လက်ထက် ပထမဆုံး ပရီးမီးယားလိဂ်ဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။
2 years Ago
More News
Up