မာတင်လူသာကင်း အောက်မေ့ဖွယ်အခမ်းအနား ကျင်းပစဉ် သေနတ်ပစ်ခတ်မှုဖြစ်၊ ၈ ဦး ဒဏ်ရာရ

January 17, 2017

မာတင်လူသာကင်း အောက်မေ့ဖွယ်အခမ်းအနား ကျင်းပစဉ် သေနတ်ပစ်ခတ်မှုဖြစ်၊ ၈ ဦး ဒဏ်ရာရ (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက မာတင်လူသာကင်း အောက်မေ့ဖွယ်အခမ်းအနားနေ့ ကျင်းပနေချိန်မှာ သေနတ်ပစ်ခတ်မှုတခု ဖြစ်ခဲ့တဲ့အတွက် လူ ၈ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ရဲတွေက ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတဦးလည်း ပါဝင်တယ်လို့ အေဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ မီယာမီမြို့ မာတင်လူသာကင်း အောက်မေ့ဖွယ်ပန်းခြံတွင်းမှာ ဖြစ်ခဲ့တဲ့ ဒီပစ်ခတ်မှုမှာ သံသယရှိသူ ၂ ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး သေနတ် ၂ လက်ကို အခင်းဖြစ်တဲ့နေရာကနေ သိမ်းဆီးရမိခဲ့တယ်လို့ မီယာမီဒိတ်ဒ်ရဲဌာနက ပြောပါတယ်။ အခင်းဖြစ်တဲ့နေရာကနေ ပရိသတ်တွေဟာ ထွက်ပြေးခဲ့ကြရတာဖြစ်ပြီး ထိခိုက်ခဲ့သူတွေထဲက ၆ ဦးကို ဆေးရုံပို့ဆောင်ထားခဲ့ပြီး ကျန် ၂ ဦးကတော့ အသေးစား ထိခိုက်မှုတွေသာ ဖြစ်ခဲ့တာမို့ နေရာမှာတင် ကုသပေးနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီပစ်ခတ်မှုမှာ ပါဝင်တဲ့ သံသယဖြစ်ဖွယ် အကြောင်းအရာ အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးဘူးလို့ ရဲတွေက ပြောပါတယ်။
5 years Ago
Up