လီဗာပူးနဲ့ပွဲမှာ ဒဏ်ရာကြောင့် အနားယူနေတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး အန်တိုနီမာစီယယ် ပြန်လည်ပါဝင်နိုင်တော့မယ်လို့ သိရပါတယ်။
မန်ယူနိုက်တက်အသင်းဟာ လာမယ့်တပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြိုင်ဘက် လီဗာပူးအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာပါ။
အဲဒီပွဲစဉ်မှာ တိုက်စစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေရှိနေတဲ့ ယူနိုက်တက်တို့အတွက် သတင်းကောင်းတခု ဖြစ်စေခဲ့တာကတော့ မာစီယယ် ပြန်လည်ပါဝင်လာတော့မယ့် အခြေအနေ ဖြစ်ပါတယ်။
မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုးတွေ ရယူထားတဲ့ ကစားသမား ၅ ဦးထဲမှာ တဦး အပါအဝင်ဖြစ်တဲ့ မာစီယယ်ဟာ လက်ရှိအချိန်မှာ လေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေပြီး လီဗာပူးနဲ့ ပွဲအမီ ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာတော့မယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။
မာစီယယ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်ကတည်းက ပေါင်ဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။
လီဗာပူးအသင်းနဲ့ ပွဲမှာ မာစီယယ် ပြန်ကစားနိုင်ဖို့ အခြေအနေကောင်းနေပေမယ့်လည်း တခြား ကစားသမားတွေ ဖြစ်တဲ့ ပေါ့ဘာ၊ ဝမ်ဘက်ဆာကာ၊ လင်ဒီလော့ဖ်၊ လင်ဂတ် စတဲ့ ကစားသမားတွေကတော့ ပါဝင်ကစားနိုင်ဖို့ မသေချာသေးတဲ့ အခြေအနေလို့ သိရပါတယ်။
1 year Ago